မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော်များအဖွဲ့ရဲ့ မိုင်းခွဲစစ်ဆင်ရေး
~~~~~~
ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)




■ စစ်ကိုင်းတိုင်း မြောင်မြို့နယ်က မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော်များအဖွဲ့ (M2W) ဟာ ၂ဝ၂၁ အောက်တိုဘာလကုန်မှာ စတင်ဖွဲ့စည်းပေါ်ပေါက်ခဲ့တာပါ။
အဖွဲ့ဟာ အခုဆိုရင် သက်တမ်းအနေနဲ့ ခုနစ်လသာ ရှိသေးပေမယ့် လက်လုပ်မိုင်း ငါးမျိုးကို ကိုယ်တိုင် စမ်းသပ်ထုတ်လုပ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲစစ်ဆင်ရေးနဲ့ ခုခံတော်လှန်နေတယ်လို့ ဒီအဖွဲ့ရဲ့ မိုင်းထုတ်လုပ်ရေးနဲ့ ဖောက်ခွဲရေးတာဝန်ခံ အလင်္ကာ က ပြောပါတယ်။
“မိုင်းဆွဲခြင်းအားဖြင့် အနည်းဆုံး ပွိုင့်တစ်ခုအောင်မြင်သွားခဲ့ရင် အနည်းဆုံး အကြမ်းဖက်သမား ငါးဦးကို သေစေနိုင်ခဲ့တယ်။ လက်နက်ကို လက်နက်နဲ့ ယှဉ်ပြိုင်နိုင်တဲ့အနေအထားမရှိဘူး။ ကျည်ဆန်တစ်ခုရဲ့ ပစ်မှတ်က သားကောင်တစ်ကောင်ကိုပဲ သွားနိုင်တယ်။ မိုင်းပွိုင့်တစ်ခုအောင်သွားရင် အနည်းဆုံး ငါးဦး ကို ချေမှုန်းနိုင်တယ်ဆိုတော့ အားသာချက်က မိုင်းဖြစ်နေတယ်။ ရှေ့တန်းထွက်ပြီး တိုက်ပွဲဝင်နေရတဲ့ အခြေအနေထက် ကိုယ့်ဟာနဲ့ကိုယ် မိုင်းစစ်ဆင်ရေးကို အဓိကထားပြီးဆောင်ရွက်တယ်”




သူတို့အဖွဲ့ဟာ စတင်ဖွဲ့စည်းစဉ်က အထောက်အပံ့အကူအညီမရသေးတဲ့အတွက် အဖွဲ့ဦးဆောင်သူက သူပိုင်ဆိုင်တဲ့မြေယာတွေရောင်းပြီး မိုင်းထုတ်လုပ်ရေးမှာ ရင်းနှီးစိုက်ထုတ်ခဲ့တာပါ။
အခုတော့ ပြည်သူတွေရဲ့အထောက်အပံ့တွေရပြီး မိုင်းထုတ်လုပ်ရေးမှာ ပိုပြီးအရှိန်မြှင့်လာနိုင်တယ်လို့ လည်း ပြောပါတယ်။M2W အဖွဲ့မှာ သူတို့စစ်ဆင်ရေးတွေအတွက် မိုင်းစမ်းသပ်ဖို့ လိုအပ်တဲ့ကုန်ကြမ်း အလုံအလောက်မရတဲ့ အခက်အခဲတွေရှိတယ်လို့ အလင်္ကာက ပြောပါတယ်။
“အညာမြေက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက စစ်ရေးအခြေအနေ ရင်ဆိုင်နေရတာမဟုတ်တော့ စစ်ရေးအရ လက်နက်ခဲယမ်းက အင်မတန်မှ ရှားပါးတဲ့ဒေသ ဖြစ်နေတယ်။ တခြားပြည်နယ်နဲ့ တိုင်းတွေကနေ ဝယ်ယူရတဲ့အနေအထားဖြစ်တယ်။ ကိုယ်နဲ့အလှမ်းဝေးတဲ့ လက်နက်ခဲယမ်း ကုန်ကြမ်း တွေဖြစ် တော့ သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲတွေ အများကြီး ကြုံရတယ်။ စကစတွေက လမ်းကြောင်း ပိတ်ဆို့တာလည်းခံရတယ်။”




နောက်ထပ်စိန်ခေါ်မှုတစ်ခုကတော့ မိုင်းတွေ စမ်းသပ်ထုတ်လုပ်တဲ့အခါ ကြုံတွေ့ရနိုင်တဲ့ အသက်အန္တရာယ် ဆုံးရှုံးမှုပါ။“မိုင်းစစ်ဆင်ရေးက အပြောသာလွယ်တာ။ တကယ့်တကယ် မိုင်း error တက်သွားရင် မိုင်းကို လုပ်နေ တဲ့သူက ရုတ်တရက် အသက်ပေးဆပ်လိုက်ရတဲ့အပိုင်းတွေ ရှိတယ်။ ရှေ့ထွက်မိုင်း စမ်းသပ်နေတဲ့ အချိန်မှာ error တက်ပြီးတော့ ပေါက်ကွဲသွားပြီး ရဲဘော်တစ်ယောက်က မိုင်းရဲ့ ပေါက်ကွဲမှုအသံကြောင့် သူ့ရဲ့အတွင်းမှာရှိတဲ့ ကလီစာတွေ ကြေမွပျက်စီးသွားပြီး အသက်ပေးဆပ်လိုက်ရတာမျိုး ရှိတယ်။ မိုင်းတစ်လုံးရဲ့အားက မိုင်းအတွင်းထဲမှာရှိတဲ့ အဆာပလာတွေက လွင့်စင်လာလို့ မှန်လာခဲ့ရင် ခန္ဓာကိုယ်က တစ်ပိုင်းတစ်စစီ ဖြစ်သွားနိုင်သလို ခုနပြောတဲ့ အသံအားကြောင့် အတွင်းထဲက ကလီစာတွေ ခံနိုင်ရည်မရှိတဲ့အခါ ကြွေကျပျက်စီးသွားတာမျိုး ရှိတယ်။ သူ့ရဲ့ပေါက်ကွဲအားကြောင့် အန္တရာယ်အများကြီးရှိသလို အသံအားကြောင့်လည်း အန္တရာယ်ကျရောက်နိုင်တယ်။ မလွယ်တဲ့ကိစ္စဖြစ်နေတယ်ပေါ့ နော်။ ဒါပေမဲ့ အကြမ်းဖက်နေတဲ့ စစ်တပ်ကို ထိထိရောက်ရောက်နဲ့ ခြေမှုန်းနိုင်တဲ့အရာတစ်ခုက အစ်မတို့ ယုံကြည်ထားတာ ဒီမိုင်းတွေပဲ ဖြစ်တယ်။ အန္တရာယ်များတာ သိတယ်။ လက်ခံတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို သတိဝီရိယထားပြီး လုပ်ရတာပေါ့နော်”




လက်နက်ခဲယမ်း စမ်းသပ်ထုတ်လုပ်တဲ့အခါ လုံခြုံရေးကို အဓိက ဦးစားပေးဆောင်ရွက်ဖို့လိုတယ်လို့ လက်နက်ထုတ်လုပ်ရေးမှာ အတွေ့အကြုံရှိတဲ့ CDM တပ်မတော်သား ဗိုလ်ကြီး တာရာက ပြောပါ တယ်။“တချို့ယမ်းလေးတွေဆိုတာ ခန္ဓာကိုယ်က အပူချိန်နဲ့ ဝတ်စားထားတဲ့ အဝတ်အစား သတိထားရတယ်။ ယမ်းလုပ်တဲ့အချိန် ချည်ထည်တွေပဲ အဓိကထားဝတ်ဆင်သင့်တယ်။ ဖိနပ်တွေမှာ သံခွာတွေပါလို့မရ ဘူး။ လက်နက်စမ်းသပ်တဲ့အခါ ကိုယ်စမ်းသပ်မယ့် လက်နက်နဲ့ လူနဲ့ အနည်းဆုံး ၁၅ မီတာလောက် ကွာသင့်တယ်၊ gun တွေ စမ်းတဲ့အခါပေါ့နော်။ မိုင်းကတော့ အနည်းဆုံး မီတာ ၁ဝဝ လောက်ကမှ safe zone လို့ ပြောရမှာပေါ့နော်။ မီတာ ၁ဝဝ လောက် အဝေးကနေမှ စမ်းသပ် ဖောက်ခွဲသင့်တာပေါ့နော်”
မြောင်အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့က သူတို့စစ်ဆင်ရေးတိုင်းလည်း မအောင်မြင်သလို အဲဒီလိုမအောင်မြင်တဲ့အခါ ဆုံးရှုံးမှုများစွာ ရှိတယ်လို့ ပြောပါတယ်။“မိုင်းစစ်ဆင်ရေး ၈ ပွိုင့် စီစဉ်ထားတဲ့အခါမှာ ပွိုင့်တစ်ခုကတော့ ပေါက်ကွဲသွားတယ်၊ တခြားပွိုင့် ရခုက တော့ သူတို့ဘက်က မိုင်းကြိုးတွေ ဖြတ်တောက်ခဲ့တော့ မိုင်းစစ်ဆင်ရေး မအောင်မြင်သွားလိုက်ဘူး။ ဆုံးရှုံးမှု အကြီးကြီးဖြစ်သွားတယ်။ ၇ ပွိုင့်ဆိုတဲ့အားက သိန်းပေါင်းမြောက်မြားစွာ ရင်းနှီးမြှုပ်နှံထားရတာ။ အချိန်အားဖြင့်လည်း ရင်းနှီးမြှုပ်နှံထားရတယ်၊ ငွေအားဖြင့်လည်း ရင်းနှီးမြှုပ်နှံထားရတယ်၊ လူ့ အရင်း အမြစ်အားဖြင့်လည်း ရင်းနှီးမြှုပ်နှံထားရတယ်။”




စစ်ကိုင်းတိုင်းဟာ စစ်တပ်ရဲ့ ချေမှုန်းတိုက်ခိုက်မှု အများဆုံးခံရတဲ့ဒေသဖြစ်သလို စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေနဲ့ ပျူစောထီးအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် တစ်နှစ်ကျော်အတွင်း နေအိမ် ၇၅ဝဝ ကျော် ပျက်စီးခဲ့ပါတယ်။ဒီအထဲမှာ M2W အဖွဲ့ဝင်တွေရဲ့ အိုးအိမ်တွေလည်း ပါဝင်ပါတယ်။ တော်လှန်ရေးအောင်မြင်ရင်တောင် ပြန်စရာအိမ်မရှိဘူးလို့ အလင်္ကာ က ပြောပါတယ်။
“ပွဲကြီးအောင်မြင်သွားလို့ ကိုယ့်အိမ်ကိုယ်ယာ ပြန်ကြရတော့မယ်ဆိုရင်တောင် M2W တပ်သားတွေရဲ့ အိမ်တွေက မရှိနေတော့ဘူး။ ဟင်းလင်းပြင်ကြီးထဲမှာဖြစ်နေပြီ။ ပေးဆပ်လိုက်ရတဲ့ အရာတွေက အိုးမဲ့ အိမ်မဲ့ဘဝတွေ၊ ယာမြေဆုံးရှုံးမှုတွေလည်းရှိတယ်”
စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေကြတဲ့ အဖွဲ့တွေထဲမှာ M2W မြောင်အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့ဟာ အမျိုးသမီးတွေနဲ့သာ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။
Credit