“နယူးယောက်ကနေ မြန်မာပြည်ကို အွန်လိုင်းက စာသင်ပေးနေသူ”“၂၁ အားမာန်”

News

“နယူးယောက်ကနေ မြန်မာပြည်ကို အွန်လိုင်းက စာသင်ပေးနေသူ”“၂၁ အားမာန်”
~~~~~~

စောဖိုးခွား (ဝါရှင်တန်ဒီစီ)

■ “စစ်ကျွန်ပညာရေးမှာဆိုရင်တော့ အကြောက်တရားနဲ့ သင်ရတယ်။ လူထုပညာရေးမှာဆိုရင်တော့ လွတ်လပ်စွာ ပြောဆိုမှု၊ လွတ်လပ်စွာ ထုတ်ဖော်မှုတွေနဲ့ အကြောက်တရား ကင်းမဲ့စွာ စာသင်လို့ရမှာ ဖြစ်ပါတယ်”

ဒါကတော့ FOEIM အွန်လိုင်းစာသင်ကျောင်းကို တည်ထောင်သူ အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်တဲ့ ကိုခန့်သူပါ။FOEIM ဆိုတာက Free Online Educational Institution Myanmar ကို အတိုကောက် ခေါ်တာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှု ဒဏ်အောက်မှာ ကလေးတွေ ပညာရေးမနှောင့်နှေးရအောင် အွန်လိုင်းကနေ အခမဲ့ စာသင်ပေးတဲ့ စာသင်ကျောင်းဖြစ်ပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်လကျော်အကြာမှာ ဒီအွန်လိုင်းစာသင်ကျောင်း ပေါ်ပေါက်လာတာပါ။စစ်ကောင်စီလက်အောက်မှာ အလုပ်ဆက်မလုပ်ဘဲ CDM ဝင်ခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေကို စုစည်းပြီး ဒီကျောင်းကို ကိုခန့်သူ တည်ထောင်ခဲ့တာဖြစ်ပါတယ်။” CDM ဆရာ၊ ဆရာမတွေ အားလုံးက စေတနာ့ဝန်ထမ်းတွေအဖြစ် ပါဝင်ခဲ့ကြတယ်”

ဒါပေမဲ့ ဒီကျောင်းတည်ထောင်ထားတာ အချိန်ကလည်း တစ်နှစ်ကျော် ကြာလာပြီမို့ အဲဒီဆရာ၊ ဆရာမတွေအတွက်လည်း ငွေကြေးအရ တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးဖို့ လိုလာနေတယ်လို့ ကိုခန့်သူက ဆိုပါတယ်။

“သုးသောင်းကျော်ကို စာသင်ပေးနိုင်ခဲ့ပါတယ်။ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေ ပါပါတယ်။”တကယ်တော့ ကိုခန့်သူဟာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က NYU တက္ကသိုလ်မှာ စီးပွားရေး မဟာဘွဲ့ တက်ရောက်နေတဲ့ တက္ကသိုလ်ကျောင်းသား တစ်ဦး ဖြစ်ပါတယ်။ ဒီကို ပြောင်းရွှေ့အခြေချ နေနေတာ ငါးနှစ်ကျော်ရှိပါပြီ။

” လက်နက်ကိုင်မှ တော်လှန်ရေး မဟုတ်ပါဘူး။ ကျရာနေရာကနေ အားလုံး ညီညီညွတ်ညွတ်သွားကြမယ်ဆိုရင် ဒါဟာ တော်လှန်ရေးပဲ “သူ အမေရိကန်ပြည်ထောင်စုမှာ ကျောင်းတက်နေရသလို မြန်မာပြည်က ကလေးတွေအတွက်လည်း ပညာရေး မနှောင့်နှေးစေချင်လို့ သူနိုင်တဲ့ဘက်ကနေ စာသင်ပေးနေတာလို့ ဆိုပါတယ်။

“ကျနော် ဒီမှာ သင်နေရသလို ကျနော်တို့နိုင်ငံက ကျောင်းသားကျောင်းသူတွေရော ဘယ်လိုသင်နိုင်မလဲ။ ကျနော် ဒီမှာရနေတဲ့ လူ့အခွင့်အရေးမျိုး ကျနော်တို့ နိုင်ငံက သူတွေ စစ်အာဏာရှင်ဆန့်ကျင်ရင်းကနေ ရနိုင်တဲ့ဟာကို စဉ်းစားတယ်။ ဒီနိုင်ငံမှာ ကျောင်းတက်ရင်းကျနော် တော်လှန်ရေးကို ဘယ်နေရာက ပါဝင်နိုင်မလဲဆိုတာ စဉ်းစားတယ်”
မြန်မာနိုင်ငံဟာ ပညာရေးစနစ်မှာ စစ်အာဏာသိမ်းမှု အဆက်ဆက်အောက်မှာ ပျက်စီးနေရတယ်လို့လည်း သူက ဆိုပါတယ်။

” အင်ဂျင်နီယာဘွဲ့နဲ့ အောင်ပြီး တိုက်မဆောက်တက်တဲ့သူတွေ အများကြီး၊ သူဘာသာရပ်နဲ့သူ အောင်မြင်ပြီးတာတောင်မှ သူ့နယ်ပယ်မှာသူ အလုပ်မလုပ်နိုင်တဲ့သူတွေ အများကြီး။ ဒါ စစ်ကျွန်ပညာရေးရဲ့ ဆိုးကျိုးတွေပေါ့”အင်တာနက်ကို တွင်တွင်ကျယ်ကျယ်သုံးစွဲလာကြတဲ့ ဒီကနေ့ခေတ်မှာ ပညာရပ်ပေါင်းစုံကို ရောက်တဲ့အရပ်ကနေ အဆင်ပြေသလို သင်ယူလို့ရနေတာလည်း ဖြစ်ပါတယ်။ကိုခန့်သူတို့ကတော့ Zoom နဲ့ Google Meet ကို အဓိကအားထားပြီး သင်နေပါတယ်။

အင်တာနက်မရှိတဲ့ဒေသက ကလေးတွေကတော့ ဒီကျောင်းကို တက်ဖို့ အခက်အခဲရှိနေမှာပါ။ ဒါပေမဲ့ ဒေသခံကာကွယ်ရေးတပ်တွေ အသာစီးရပြီး နယ်မြေစိုးမိုးနိုင်တဲ့ ဒေသတွေမှာတော့ စာသင်ခန်းတွေထဲထိအရောက် သင်ပေးနေတယ်လို့ ဆိုပါတယ်။

ကိုခန့်သူ လုပ်နေတဲ့ FOEIM အွန်လိုင်းစာသင်ကျောင်းဟာ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ လက်အောက်ခံ ကျောင်းတစ်ကျောင်းလည်း ဖြစ်ပါတယ်။ ပြည်သူတွေ အားလုံး တတ်နိုင်တဲ့ ဘက်ကနေ ပါဝင်နေကြတဲ့ ဒီနွေဦးတော်လှန်ရေးဟာ အောင်မြင်မှုရလိမ့်မယ်လို့ ကိုခန့်သူက ယုံကြည်ထားတာပါ။

ကိုခန့်သူလိုပဲ ပြည်ပမှာရောက်နေတဲ့ မြန်မာလူငယ်တော်တော်များများဟာလည်း ဒီစစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တတ်နိုင်တဲ့ဘက်ကနေ ရတဲ့နည်းနဲ့ ပါဝင်နေကြတာကို တွေ့နေရပါတယ်။

Credit

Leave a Reply

Your email address will not be published.