မင်းအောင်လှိုင်က မြေးမများ၏ ပညာရေးအတွက် ပုဂ္ဂလိ EMPS ကျောင်းကို ငွေကြေးထုတ် တည်ဆောင် ဖွင့်လှစ်ခိုင်းခဲ့၊

News

မင်းအောင်လှိုင်က မြေးမများ၏ ပညာရေးအတွက် ပုဂ္ဂလိ EMPS ကျောင်းကို ငွေကြေးထုတ် တည်ဆောင် ဖွင့်လှစ်ခိုင်းခဲ့၊ EMPS ကျောင်းတွင် ၀ဏ္ဏမောင်လွင်မြေးများနှင့် စစ် ဗိုလ်ချုပ်အသိုင်း၀ိုင်းမှ ကလေးများ ကျောင်းတက်

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ၏ မြေးမများကို အစိုးရကျောင်း ပညာရေးစနစ်တွင် မထားဘဲ ပုဂ္ဂလိက EMPS (Excellent Myanmar Private School) တွင် ထားရှိကြောင်း ရန်ကုန်ခေတ်သစ်က သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

အဆိုပါသတင်းဖော်ပြပြီးနောက် စစ်တပ်နှင့်နီးစပ်သော သတင်းရင်းမြစ်တချို့က မင်းအောင်လှိုင်မြေးမများတက်နေသော EMPS ကျောင်းသည် အောင်ပြည့်စုံ၏ ရှယ်ယာများပါဝင်သော ကျောင်းဖြစ်ကာ မင်းအောင်လှိုင်မိသားစု၏ ကိုယ်ပိုင်ကျောင်းဟုဆိုနိုင်ကြောင်း၊ မင်းအောင်လှိုင်က သူ၏ မြေးမများ၏ ပညာရေးအတွက် ကြိုတင် ပြင်ဆင်ခဲ့ပုံရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

EMPS ကျောင်းကို မင်းအောင်လှိုင်နှင့် အောင်ပြည့်စုံ တို့၏ မိသားစု စီးပွားရေး တာဝန်ခံ မောင်မောင်နိုင်၏ ညီအရင်းဖြစ်သူ မောင်မောင်လတ်(Lucky Man ဘက်ထရီနှင့်တာယာလုပ်ငန်း ဒါရိုက်တာ) နှင့်ဇနီးဖြစ်သူ ဒေါ်ချောစုလှိုင်က တာဝန်ခံ ဖွင့်လှစ်ထားသော ကျောင်းဖြစ်ကြောင်း၊ မင်းအောင်လှိုင်၏ မြေးများအပြင် ၀ဏ္ဏမောင်လွင်၏ မြေးများ၊ အခြားစစ်ဗိုလ်ချုပ်များ၏ သားသမီးနှင့်မြေးများ၊ ငွေကြေးချမ်းသာသူဌေးမိသားစုများ မြေးများ ကျောင်းထားကြသည်ဟု သိရှိရသည်။

“အဲဒီကျောင်းမှာ အောင်ပြည့်စုံရှယ်ယာပါတယ်လို့ သိထားတယ်။ ဒီကျောင်းက စီးပွားရေးအတွက် မဟုတ်ဘူး။ သူတို့ ကလေးတွေ ပညာသင်ဖို့ ကျောင်းအတွက် ငွေထုတ်ပေးတာက အောင်ပြည့်စုံပဲလို့ သိရတယ်။ သူတို့ မိသားစုပိုင်ကျောင်းလို့လည်း သိထားတယ်။ အဲဒီကျောင်းမှာ ၀ဏ္ဏမောင်လွင်မြေးတွေလည်း အဲဒီမှာပဲ ကျောင်းတက်တယ်။ ဗိုလ်ချုပ်မြေးတွေနဲ့ သူတို့ စစ်တပ် အသိုင်းအ၀ိုင်းက မျိုးဆက်သစ်ကလေးတွေ တက်ဖို့အတွက် ရည်ရွယ်ပြီး ထောင်ခဲ့တယ်လို့လည်း သိရတယ်။ မအလ မိသားစုက နာမည်မခံဘဲ သူတို့ကလေးတွေ ပညာရေးအတွက် ဖွင့်တာလို့ ပြန်သိရတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

မင်းအောင်လှိုင်တွင် သမီးနှင့်သားဖြစ်ကြသည့် ခင်သီရိသက်မွန်၊ အောင်ပြည့်စုံတို့ ရှိကြပြီး သားသမီး ၂ ဦးမှ ပေါက် ဖွားလာသော မြေး ၅ ဦးရှိကြောင်း၊ မြေးမ ၅ ဦးမှာ အောင်ပြည့်စုံ၏ သမီး ၃ ဦးဖြစ်ကြသည့် ခင်ငြိမ်းချမ်းပြည့်စုံလှိုင်၊ မခင်ဘုန်းမြတ်ပြည့်စုံလှိုင် ၊ မခင်မေတ္တာပြည့်စုံလှိုင်၊ ခင်သီရိသက်မွန်၏ သမီး ၂ ဦးဖြစ်ကြသည့် ဧကရီသက်မွန်လှိုင်၊ မေဘရဏီသက်မွန်လှိုင်တို့ ဖြစ်ကြောင်း၊ မင်းအောင်လှိုင်သည် မြေးများကို အစိုးရ ကျောင်းတွင် မထားဘဲ ရန်ကုန်၊ အင်းယားမြိုင်လမ်း၊ တွင် EMPS ( Excellent Myanmar Private School) ထားရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

မင်းအောင်လှိုင်၏ မြေးမ ၄ ဦးလုံး တက်ရောက်နေသည့် EMPS သည် ၂၀၁၃ ခုနှစ် တွင်စတင်တည်ထောင်ခဲ့ပြီး ပဒုမ္မာကျောင်းသည် မူလ ပင်မကျောင်းဖြစ်ကြောင်း၊ ယင်းနောက် ၂၀၁၅ ခုနစ်တွင် ရတနာကျောင်းခွဲ ၊၂၀၁၇ ခုနှစ်မေလ တွင် အင်းယားမြိုင် ကျောင်းခွဲများကို ဖွင့်လှစ်ထားသော ကျောင်းဖြစ်ကြောင်း ၊ ထို့ပြင် အင်းယားမြိုင် ရွှေတောင်ကြား ၂ ရပ်ကွက်၊ အမှတ် ၄၈၊ Universal Academy Myanmar (UAM-48) ၊ စော်ဘွားကြီးကုန်း မီးပွိုင့်နားတွင် မင်းဓမ္မ ကျောင်း၊ မန္တလေးက Grand Mandalar School များ တိုးချဲ့ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

အဆိုပါကျောင်းတွင် ကျောင်းလခများအနေဖြင့် အနိမ့်ဆုံး အခြေခံ တစ်နှစ်စာအတွက် ၄၆ သိန်းရှိပြီး အခြား ဝတ်စုံစရိတ်အပါအဝင် အခြားစရိတ်များ ပေါင်းက တစ်နှစ်စာ သိန်း ၆၀ မှ ၁၀၀ ဝန်းကျင် အတန်းကိုလိုက်၍ ကျသင့်ကြောင်း၊ မင်းအောင်လှိုင် မြေးအငယ် ၂ ဦးသည် EMPS-10 တွင် တက်ရောက်နေကြသည်ဟု သိရှိရသည်။

“ငွေပိုး(အောင်ပြည့်စုံသမီး) က EMPS 10 KG A အတန်းမှာ။ ရွှေပိုး(အောင်ပြည့်စုံသမီး) က EMPS-10 Y3 အတန်းမှာ တက်နေကြတာ။ ကျန်တဲ့ မြေးအကြီးတွေလည်း EMPS မှာပဲ တက်ကြတာ။ EMPS ကျောင်းအုပ်ကြီး ဒေါ်ချောစုလိူင်က မအလ မြေးတွေ တက်နေတာ့ အမြဲလာတယ် ။ သူမလာရင် ဒုကျောင်းအုပ် ဒေါ်ရည်မွန်အောင်က အမြဲရှိတယ်။ မအလမြေးတွေရှိတော့ ကျောင်းကတော့ အတော်ကို လုံခြုံရေးများတယ်။ ကလေးတွေကို အတန်းအပြင်မှာလည်းအပြာအမ(စစ်မှုထမ်း အမျိုးသမီး)တစ်ယောက်စောင့်နေတာ။ အိမ်သာသွားတောင် လိုက်ကြတယ်လို့ သိရတယ်။ မအလက ရွှေပိုးဆိုတဲ့ သူ့မြေးကို အတော်ကို ချစ်တာ။ ငွေပိုးကိုတောင် အဲဒီလောက်မဟုတ်ဘူး” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။

မင်းအောင်လှိုင်၏‌ မြေးများ ကျောင်းတက်နေသည့် EMPS ကျောင်းသည် ပညာရေးဝန်ကြီးဌာန၊ သင်ရိုးညွှန်းတမ်း၊ အင်္ဂလန်သင်ရိုးတမ်းနှင့် နိုင်ငံတကာ သင်ရိုးညွှန်းတမ်းကို ပေါင်းစပ်သင်ကြားခြင်းဖြစ်ကြောင်း၊ပန်းချီအနုပညာ၊ ဂီတ၊ ကာယ၊ အက၊ စာကြည့်တိုက်၊ အားကစားများ ပေါင်းစပ်သင်ကြားခြင်းဖြစ်သည်ဟု သိရှိရသည်။

Credit

Leave a Reply

Your email address will not be published.