ခြောက်နေပေမယ့် ကြောက်မနေသည့်ကွန်မန်ဒိုစစ်သား ရဲဘော်စောရောဘတ် (ခေါ်) အမန်း

News

ခြောက်နေပေမယ့် ကြောက်မနေသည့်ကွန်မန်ဒိုစစ်သား အမန်း (အင်တာဗျူး)

လူငယ့်ခေတ်

နိုင်ငံ၏ အာဏာကို စစ်တပ်က လက်နက်အားကိုးဖြင့်သိမ်းယူခဲ့ပြီးနောက် လက်သင့်မခံဘဲ မြန်မာနိုင်ငံအနှံ့တွင် နည်းအမျိုးမျိုးဖြင့် လူတန်းစားအသီးသီးက တော်လှန်ပုန်ကန်နေကြသည်။

ထိုအထဲတွင် တစ်ချိန်က မြန်မာ့လူမှုအသိုက်အဝန်းမှာ နှိမ့်ချဆက်ဆံခံရသည့် LGBT များလည်း ပါဝင်သည်။

မိမိဖြစ်တည်မှုကို လူ့ပတ်ဝန်းကျင်တွင် သတ္တိရှိရှိရင်ဆိုင်ခဲ့ကြသကဲ့သို့ စစ်အာ ဏာရှင်ကို ဆန့်ကျင်ရာတွင်လည်း မြို့ပေါ်သပိတ်များသာမက လက်နက်ကိုင်တော်လှန်ရေးအထိ မကြောက်တန်းပါဝင်နေသည့် LGBT များသည်လည်း လေး စားထိုက်သူများဖြစ်သည်။

လက်ရှိအချိန်တွင် ရဲဘော်ရဲဘက်များနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးကို ပြုစုစောင့်ရှောက်ပေးနေသည့် ဆေးမှူးတစ်ယောက်ဖြစ်သည့်အပြင် ပြည်သူများနှင့် ရဲဘော်များအတွက်ဖွင့်ထားသည့် ဆေးရုံတစ်ခုတွင် Lab Technician တစ်ယောက်အနေဖြင့်လည်း စေတနာ့ဝန်ထမ်းအဖြစ် အချိန်ပိုင်းသွားလုပ်ပေးနေသူ ဒေါနစစ်ကြောင်း တပ်ခွဲ (၃) မှ ကွန်မန်ဒိုစစ်သား ရဲဘော်စောရောဘတ် (ခေါ်) အမန်း ကို လူငယ့်ခေတ်မှ မေးမြန်းထားသည်များကို ဖော် ပြပေးလိုက်သည်။

LNK ။ ။ မန်းရဲ့ဘဝအကြောင်း အကျဉ်းချုပ်ပြီး ပြောပြပေးပါလား။

မန်းအောင်သန့်စင် ။ ။ မန်းက ကရင်လူမျိုးတစ်ယောက်ပါ။ အဖေက စိုက်ပျိုး ရေးသမားဖြစ်ပြီး အမေကတော့ သူ နာပြုဆရာမ (CDM ) ဖြစ်ပါတယ်။ မွေးချင်းညီအစ်ကို သုံးယောက်မှာ မန်းက သားအကြီးဆုံးဖြစ်ပါတယ်။ ညီလေး နှစ်ယောက်ကလည်း CDM ကျောင်းသားတွေပဲ၊ မန်းကိုယ်တိုင်ကလည်း CDM တစ်ယောက်ပါ။ CDM မိသားစုပေါ့ (ရယ်လျှက်)။ မန်းရဲ့ အရင်ပရော်ဖက်ရှင်နယ် အလုပ်ကတော့ Medical Laboratory Technician (ဓာတ်ခွဲခန်း ဆေးဝါး နည်းပညာရှင်) ပါ။ အဲ့အလုပ်နဲ့ပတ်သတ်ပြီး မန်းမှာ မေ့မရတဲ့အမှတ်တရတစ်ခုရှိတယ်။ ကိုဗစ်ဒုတိယ လှိုင်းတုန်းက ရခိုင်ပြည်နယ်၊ကျောက် ဖြူမြို့မှာ လေးလတိတိ စေတနာ့ဝန်ထမ်းလုပ်ခဲ့တဲ့အတွက် သူရဲကောင်း လက် မှတ်ကိုရခဲ့ပါတယ်။

မန်းရဲ့နောက်ထပ်အလုပ်တစ်ခုရှိသေးတယ်။ အဲ့ဒါကတော့ ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဖြစ်ပြီး Miss Now How 2017 ပြိုင်ပွဲမှာ The Best Designer ဆုကိုလည်း ရရှိခဲ့ပါသေးတယ်။ မန်းရဲ့ ဝါသနာက အနုပညာမှန်သမျှ ဝါသနာ ပါတယ် လုပ်ချင်တာချည်းပဲ။ အဲ့ဒါကြောင့်လည်း ဟိုစပ်စပ်ဒီစပ်စပ် လိုက်လုပ်တယ်။ အကောင်းဆုံးမဟုတ်ရင် တောင် သာမန်ထက်ပိုအောင်လုပ်နိုင်ခဲ့တယ်။ ဥပမာ ပန်းချီဆွဲတာ၊ မိတ်ကပ်ပြင်တာ၊ သီချင်းဆိုတာ၊ သရုပ်ဆောင် တာတို့ပေါ့။ မန်းရဲ့ဘဝအကျဉ်းချုပ်က ပြောလို့ပြီးမှာမဟုတ်ဘူး အကျယ်ချုပ်ဖြစ်သွားလိမ့်မယ် ဒီလောက်ပါပဲ။

LNK ။ ။ ကိုယ့်ကိုယ်ကို LGBT တစ်ယောက်အဖြစ် ဘယ်အရွယ်မှာ စတင်လက် ခံခဲ့သလဲ။

မန်းအောင်သန့်စင် ။ ။ မန်း ကိုယ့်ကိုယ်ကို LGBTQ အဖြစ်လုံး၀လက်ခံခဲ့တာတော့ မန်း ၁၈ နှစ်သားလောက်ကပဲ ဖြစ်မယ်။ ရန်ကုန်မှာ ဒီဇိုင်နာသင်တန်းသွားတတ်တော့ ရန်ကုန်ရဲ့ ကျယ်ပြောကြွယ်၀တဲ့ လူမှုရေးဘာသာရပ်ကို သင်ကြားခွင့်၊ ခံစားခွင့်၊ မြင်ခွင့်ရခဲ့လို့ ကိုယ်ကဘာဆိုတာကိုသိခဲ့ရတယ်။ လူအခွင့်အရေးနဲ့ လူ့တန်ဖိုးကို ကောင်း ကောင်းနားလည်ခဲ့တယ်။ ဒါကြောင့်လည်း ကိုယ်က LGBTQ တစ်ယောက်ဆိုတာ လုံးဝလက်ခံခဲ့ပါတယ်။

LNK ။ ။ LGBT တစ်ယောက်ဖြစ်ကြောင်း ကိုယ့်မိသားစု၊ မိတ်ဆွေတွေ သိသွားတဲ့အခါ ဘယ်လို အခက်အခဲတွေရှိခဲ့လဲ။

မန်းအောင်သန့်စင် ။ ။ အင်မတန်ကောင်းတဲ့မေးခွန်းလေးပါ။ ဘယ်မိဘက ကိုယ့်‌မွေးထားတဲ့သားသမီး ကိုယ်မွေး ထားတဲ့ပုံစံနဲ့ ကွဲပြားတဲ့ပုံစံကို ဘယ်လိုချင်ပါ့မလဲ။ ဘယ်လိုလက်ခံပေးလို့ရမှာလဲ။ ဒါကမိဘနေရာက ခံစားပေးတာ နော်။ ကိုယ်တောင်မှ ကိုယ်ရဲ့ညီတွေကို ကိုယ့်လိုဖြစ်မှာတအားကြောက်တယ်။ မန်းလိုမဖြစ်စေချင်ဘူး။ မခံစားစေ ချင်ဘူး။ ဆွေမျိုးတွေကလည်း မန်းကိုမကြိုက်ကြဘူး။ ဘာလို့လဲဆိုတော့ အဖေ့ဘက်အမျိုးမှာရော အမေ့ဘက်အ မျိုးမှာပါ မန်းလိုပုံစံမျိုးမရှိခဲ့ဘူး။ ဒါကြောင့်လည်း အမျိုးတွေကြားမှာ၊ မန်းမိဘရဲ့ မိတ်ဆွေတွေကြားမှာ”နင့်သားက အခြောက်လား” ဆိုပြီး မန်းကြောင့်မိဘတွေ သိက္ခာကျခဲ့ရတယ်။

အထက်တန်းကျောင်းသားဘဝမှာလည်း မန်းကိုလက်ခံပြီး ပေါင်းသင်းတာဆိုလို့ မိန်းကလေးပဲများတယ်။ ယောကျာ်းလေးထဲမှာဆို မန်းလိုပုံစံမျိုးနဲ့ တချို့ယောင်္ကျားစစ်စစ် အနည်းငယ်လောက်ပဲရှိတယ်။ တချို့သူတွေဆို မန်းနဲ့ လမ်းအတူလျှောက်မိရင်တောင် “နင်နဲ့လမ်းလျှောက်ရတာရှက်လိုက်တာ” ဆိုပြီးပြောခံထိတယ်။ အခြောက်ဆိုပြီး “မပေါင်းဘူး မကစားချင်ဘူး”ဆိုပြီး ပြစ်ပယ်ခံရတာတွေရှိတယ်။အခြောက်ဆိုတဲ့စကားထက် ဖာခြောက်ဆိုပြီး တစ်ကျောင်းလုံးရဲ့ပြောဆိုခံရတာတွေရှိတယ်။

ကျောင်းသားပေါင်းစုံ စုဝေးတဲ့စုဝေးကွင်းမှာတောင် နာမည်တပ်ပြီး ဆရာမတစ်ယောက်က “အစိုလိုလို အခြောက် လိုလို လုပ်နေတာတွေ သတိထားကြ”ဆိုပြီး အရှက်ခွဲခံခဲ့ရတာတွေရှိခဲ့တယ်။ မိဘ၊ ဆွေမျိုး၊ သူငယ်ချင်းတွေရဲ့ ခွဲခြားဆက် ဆံခံရတာတွေများလာတဲ့အခါ လူကလောကကြီးမှာ မနေချင်တော့ဘူး။ သတ်သေချင် စိတ်ပဲပေါက် လာမိတယ်။ ဒါကြောင့်လည်း ကိုယ့်ကိုယ်ကိုသတ်သေဖို့ တစ်ကြိမ်လုပ်ခဲ့မိတယ်။ လွတ်မြောက်သွားခဲ့တယ်။ ကိုယ့် ဖြစ်တည်မှုနဲ့ဆိုင်တဲ့ စာပေတွေ၊ ခံစားချက်တွေကို လေ့လာမိတဲ့အခါမှာ ကိုယ့်ဘဝကို ကိုယ်လက်ခံလာပြီး ကဲ့ရဲ့ ရှုတ်ချမှုတွေကို ဥပေက္ခာပြု၊ ကိုယ့်ရှေ့ဆက်ရမယ့် ဘဝခရီးကိုပဲ အာရုံစိုက်လာတော့တယ်။

LNK ။ ။ ရွေးကောက်ပွဲမှာ မဲပေးဖူးလား။ ဘယ်ပါတီကို မဲပေးခဲ့လဲ။ အရင်တုန်းကရော မဲဘယ်နှစ်ခါပေးဖူးလဲ။ ဘယ်ပါတီကို ပေးခဲ့ဖူးလဲ။
မန်းအောင်သန့်စင် ။ ။ မန်းက ဘယ်ပါတီကိုမှ မဲမပေးဖူးပါဘူး။ ဘာလို့လဲဆိုတော့ ၂၀၁၅ မှာ မန်းက မဲပေးတဲ့ နေ့မှာမှ ၁၈ နှစ်ပြည့်မှာ။

ပထမအကြိမ်လွတ်ခဲ့တယ်။ နောက်ထပ် ၂၀၂၀ မှာ မန်းက ရခိုင်ရောက်နေတယ်။ နာမည် မပေါက်ဘူး။ မန်းကလည်း ဆေးရုံအလုပ်တွေများနေတဲ့အတွက်ကြောင့် မဲကိုပေးချင်နေတာတောင် မပေးခဲ့ဖြစ်ဘူး။ နှမြောစရာပေါ့နော်။ ဒါပေမဲ့ အကြိုက်ဆုံးပါတီကတော့ NLD ပါပဲ။

LNK ။ ။ အာဏာမသိမ်းခင် ကာလက နိုင်ငံရေးအပေါ် ဘယ်လိုစိတ်ဝင်စားမှုတွေရှိခဲ့လဲ။

မန်းအောင်သန့်စင် ။ ။ မန်းက နိုင်ငံရေးထက် ကိုယ်လုပ်စရာရှိတာကို လုပ်တတ်တဲ့သူမျိုးပါ။ ကိုယ်က ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ပညာနဲ့ပေးနိုင်တဲ့ လိုအပ်တဲ့ပြည်သူတွေကို ဘယ်လိုကူညီရမလဲပဲ တွေးခဲ့တယ်။ နိုင်ငံကို ကောင်းစားစေချင်တယ်။ ပြည်သူပြည်သားတွေကို ခေါင်းဆောင်မှုပေးနိုင်မယ့်၊ ကိုယ်စားပြုပေးနိုင်မယ့်၊ ဒုက္ခတွေကိုခံစားပေးနိုင်မယ့် နိုင်ငံ့ခေါင်းဆောင်ကို လိုချင်မိတာအမှန်ပါပဲ။ ဒါကြောင့်လည်း ကိုယ့်ကရင်တိုင်းရင်းသားပါတီကို မဲပေးရမယ့်အစား ကိုယ့်လူမျိုးတွေ NLD ပါတီကို မဲပေးဖို့အတွက် နှိုးဆော်ခဲ့တာပေါ့။ NLD ပါတီနိုင်တော့ အရမ်းပျော်ခဲ့ရတယ်။ ဒါပေမယ့်လည်း မအလက အာဏာသိမ်းသွားတော့ ကြေကွဲခဲ့ရတယ်။ ဘယ်တတ်နိုင် မလဲဗျာ။

LNK ။ ။ အာဏာမသိမ်းခင် ကာလက ဘာတွေလုပ်နေခဲ့လဲ ။ ရည်မှန်းချက်တွေ ရှိသလဲ။

မန်းအောင်သန့်စင် ။ ။ အာဏာမသိမ်းခင်ကာလက မန်း ရခိုင်မှာ စေတနာ့ဝန် ထမ်းလုပ်နေခဲ့တာပါ။ ရခိုင်ကပြန် လာပြီး တစ်လအကြာမှာ အာဏာသိမ်းခဲ့တာ။ မန်းရဲ့ရည်မှန်းချက်က မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကင်းစင်စေဖို့ပါပဲ။ ကိုဗစ်ရောဂါ ကင်းစင်ဖို့အတွက် မန်းသည် ဘယ်ကဏ္ဍကဖြစ်ဖြစ် လုပ်ဆောင်ပေးဖို့အသင့်ပါပဲ။ ကိုဗစ်ရောဂါကြောင့် ပြည်သူတွေကြပ်တည်းပြီး ဒုက္ခရောက်နေတာတောင်မငဲ့ဘဲ မအလက အာဏာထပ်သိမ်းတော့ ပြည်သူတွေ ဒုက္ခသောကတွင်းထဲ နစ်သထက်နစ်ခဲ့ရတာ။ ဘယ်လောက်တောင် စဉ်းစားဆင်ခြင်ဉာဏ်ကင်းမဲ့လိုက်လေခြင်းနော်။ တော်တော် စိတ်နာဖို့ကောင်းတယ်ဗျ။

LNK ။ ။ စစ်တပ် အာဏာသိမ်းယူလိုက်တော့ ဘယ်လိုမျိုးတွေ ခံစားခဲ့ရ‌သေးလဲ။

မန်းအောင်သန့်စင် ။ ။ မတရားသဖြင့် မဲလိမ်တယ်ဆိုပြီး စစ်တပ်က အာဏာ သိမ်းတော့ ဘယ်လိုပြောရမလဲ။ ရင်ထဲဟာတာတာနဲ့ စိတ်မကောင်းတော်တော်ဖြစ်ခဲ့ရတယ်။ အဲ့ခံစားချက်က ကိုယ်လိုချင်တဲ့ပစ္စည်းတစ်ခု ကိုယ် တန်ဖိုးထားရတဲ့အရာတစ်ခု ပိုင်ဆိုင်ရပြီးခါမှ သူခိုး ခိုးခံလိုက်ရတဲ့ ခံစားချက်လိုပါပဲ။ ဟာတာတာနဲ့ ယူကျူံးမရဖြစ်ခဲ့ရပါတယ်။

LNK ။ ။ အာဏာသိမ်းပြီးနောက်မှ လူထုလှုပ်ရှားမှုတွေပေါ်လာတော့ ဘာတွေလုပ်ခဲ့လဲ။

မန်းအောင်သန့်စင် ။ ။ အာဏာသိမ်းပြီးနောက် လူထုလှုပ်ရှားမှုအနေနဲ့ မန်းက ကိုယ့်ကျန်းမာရေးအဖွဲ့နှင့်အတူ ဆန္ဒပြခဲ့ပါတယ်။ ကျန်းမာရေးအဖွဲ့ရဲ့ ခေါင်း ဆောင်လိုပဲ ထုတ်ပြီးတဲ့ လစာတွေ စုထားတဲ့ပိုက်ဆံတွေကို သုံးပြီး ပိုစတာတွေ၊ ဗီနိုင်းတွေ ထုတ်လို့ ကျန်းမာရေးအဖွဲ့ကို စည်းရုံးခဲ့တယ်။ အဲ့ဒါကြောင့်လည်း ဖမ်းမယ့် ၁၀ ယောက်ထဲ မန်းနာမည်ပါခဲ့တယ်။ အဲ့ဒါကြောင့် တိမ်းရှောင်ခဲ့ရပါတယ်။ အမှတ်တရတွေလည်းဖြစ်ခဲ့ရပါတယ်။

LNK ။ ။ လူထုလှုပ်ရှားမှုတွေတုန်းက အမှတ်တရ အဖြစ်အပျက်တွေရှိခဲ့လားဗျ။

မန်းအောင်သန့်စင် ။ ။ လူထုလှုပ်ရှားမှုတုန်းက အမှတ်ကတော့ရှိတာပေါ့။ မန်းတို့ ဆန္ဒပြတဲ့အခါ ပြည်သူတွေက ရေတွေ၊ အအေးတွေ၊ စားစရာတွေနဲ့ ဧည့်ခံတာတွေ၊ အားပေးတာတွေက အသိအမှတ်ပြုစရာကောင်းလှပါတယ်။ မန်း ဘားအံမှာ ဆန္ဒပြတုန်းက ဖေဖော်ဝါရီ ၂၈ လောက်ကပေါ့။ ရာဘာကျည်ဆံနဲ့ ပစ်တာရော။ တစ်ရက်တည်းနဲ့ အယောက်တစ်ရာကျော် ဖမ်းခံမိတာတွေရော။ မျက်ရည်ယိုဗုံးတွေနဲ့ပစ်တာတွေရော။ ကိုယ်တွေအဖွဲ့ အိမ်ပိုင်ရှင်တွေရဲ့ ခိုလုံပုန်းရှောင်ခွင့်ပေးတာတွေရော။ ကျွေးမွေးဧည့်ခံပေးတာရောတွေအထိ အကူ အညီပေးပြီး ကျေးဇူးတ ရားရှိခဲ့တဲ့ အမှတ်တရတွေကိုတော့ ဒီတစ်သက်မေ့နိုင်မယ်မထင်ဘူး။ အမြဲတမ်းလည်းအမှတ်ရနေမှာပါ။

LNK ။ ။ တောထဲသွားပြီး လက်နက်ကိုင်လမ်းစဉ်ကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲ။ ဘာအခက်အခဲတွေရော ကြုံခဲ့ရလဲ။

မန်းအောင်သန့်စင် ။ ။ တောထဲသွားပြီး လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ရတာကတော့ အာဏာရှင်ကိုတော် လှန်ဖို့၊ မတရားသဖြင့် စော်ကားတာကို လက် မခံလို့၊ ကိုယ်ပိုင်လူ့အခွင့်အရေးကို ရချင်လို့၊ အမှန်တရားကို မြတ်နိုးသူ၊ ယုံ ကြည်သူဖြစ်တဲ့အတွက်ကြောင့် ဖြစ်လို့ရယ်တစ်ကြောင်း၊ လက်နက်အားကိုးပြီး ပြည်သူတွေကို နှိပ်စက် ရက်စက်ခဲ့တဲ့ စစ်ကောင်စီတွေကို တန်းတူယှဉ်နိုင်ဖို့ရာ စစ်ပညာသင်ပြီး လက်နက်ကိုင်လမ်းစဉ်လိုက်ကာ တူတူတန်တန်တိုက် ခိုက်မှရမယ်ဆိုတဲ့ ခံယူချက်နဲ့ တောခိုစစ်ပညာသင်ဖို့ ဆုံးဖြတ်ချက်ချခဲ့လိုက်ပါတယ်။

ကိုယ့်ကိုယ်ကိုလည်း မှန်တယ်၊ မျှတတယ်လို့ ယုံကြည်ထားတယ်။ အခက်အခဲတွေကတော့ တောထဲရောက်လာ ရင် ခက်ခဲမယ်၊ ကြမ်းတမ်းမယ်၊ ဖြစ်သလိုနေပြီး ဖြစ်သလိုစားရမယ်ဆိုတာ ကြိုတွက်ထားပြီးသားဖြစ်တဲ့အတွက် ကြောင့်မို့လို့ အခက်အခဲဆိုတာ ဘဝကြီးမဟုတ်တဲ့အတွက် အကောင်းဆုံး ကျော်လွှားနိုင်ခဲ့ပါတယ်။ ပိုးကိုက်တဲ့ ဆန်ရယ်၊ ဟင်းစားမရှိလို့ တောနက်ထဲ မျှစ်တို့၊ ဟင်းစားတို့စရာအရွက်တို့ ရှာခဲ့ရတာတွေက ဘဝရဲ့အမှတ်တရပေါ့ ။ ပျော်လည်းပျော်ခဲ့ရသလို စစ်သားတစ်ယောက်ရဲ့ ဘဝကိုလည်းကောင်းကောင်းနားလည်ခဲ့ပါတယ်။

LNK ။ ။ ချစ်တဲ့သူရှိလား။ သူကရော လက်နက်ကိုင်တော်လှန်ရေးကို နားလည်ပေးရဲ့လား။

မန်းအောင်သန့်စင် ။ ။ ချစ်တဲ့သူကမရှိသေးပါဘူး။ မရှိတာလည်း ကောင်းပါတယ်။ ရှိခဲ့ရင်တောင် သူ့အတွက် အချိန်ပေးနိုင်မှာ မဟုတ်တဲ့အတွက် သူ့အ တွက်လည်း မကောင်းသလို ကိုယ့်အတွက်လည်း အဆင်ပြေမှာမဟုတ်ဘူး။ အဲ့ဒါကြောင့်လည်း တော်လှန်ရေးအပေါ် အားနည်းသွားမှာကြောက်တဲ့အတွက် ရည်းစားမထားသေးပါဘူး။ လာကြိုက်ရင်တော့ စဉ်းစားပေးပါမယ်လို့ ဈေးဗန်းခင်းပါရစေ (ရယ်မောလျှက်)။

LNK ။ ။ တော်လှန်ရေးတပ်ဖွဲ့ဝင် LGBT တစ်ယောက်အနေနဲ့ ဘာအခက်အခဲတွေရှိလဲ။ ခွဲခြားဆက်ဆံခံရမှုတွေရှိလား။
မန်းအောင်သန့်စင် ။ ။ တော်လှန်ရေးမှာ LGBTQ တစ်ယောက်အနေနဲ့ ခွဲခြားဆက်ဆံခံရမှုက မရှိသလောက်ရှား ပါတယ်။ မန်းကို လူတိုင်းနီးပါးက ချစ်ကြ၊ ခင်ကြ၊ လေးစားကြပါတယ်။ သို့သော်လည်း မန်းကို အကြမ်းအတမ်း တွေလုပ်နိုင်ပါ့မလားဆိုတဲ့ မန်းရဲ့ဖြစ်တည်မှုနဲ့ပတ်သတ်ပြီး စိုးရိမ်တာတွေတော့ရှိတယ်။

ဒါပေမယ့်နော် မန်းလေ ကွန်မန်ဒို စစ်သားတစ်ယောက်ဖြစ်သည်အထိ ငါတို့ LGBTQ တွေလည်း ဒီအဆင့်ထိရောက်အောင်ကြိုးစားနိုင် တယ်၊ လုပ်နိုင်တယ်ဆိုတဲ့စိတ်နဲ့ အကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်။ မန်းကိုလည်း လူတိုင်းက ချီးကျူး ၊ ဩဘာဂုဏ် ပြုလေးစားခဲ့ကြတယ်။ ကိုယ့်ကိုယ်ကိုလည်း အရမ်းဂုဏ်ယူခဲ့ရပါတယ်။ မန်းသည် ကျန်းမာရေးလောက က လာသူ ဖြစ်သော်လည်း တန်းတူ ရည်တူ တိုက်ခိုက်ရတာကို ပိုသဘောကျမိခဲ့တယ်။

LNK ။ ။ တော်လှန်ရေးမတိုင်ခင်က မြန်မာနိုင်ငံမှာ LGBT တွေအပေါ် ခွဲခြားဆက်ဆံမှုက ပြင်းထန်ခဲ့တယ်။ နောက်ပိုင်းမှာ LGBT တွေအပေါ် လက်ခံနိုင်မှုကများပြားလာတယ်။ အဲ့ဒါ ဘာကြောင့်လို့ ထင်ပါသလဲ။

မန်းအောင်သန့်စင် ။ ။ ဒီမေးခွန်းကိုဖြေရမယ်ဆိုရင် ဒီမေးခွန်းက အနည်းငယ်မှားနေတယ်ခင်ဗျ။ ဘာလို့လဲဆို တော့ အာဏာသိမ်းပြီးမှမဟုတ်ဘူး အာဏာမသိမ်းခင်ကာလ NLD အစိုးရတက်လာပြီးနောက်မှာ LGBTQ ရဲ့ အခွင့်အရေး၊ ဥပဒေ၊ လွတ်လပ်ခွင့်တွေဟာ ၂၀၁၅ နောက်ပိုင်းမှာ အရာဝင်ခဲ့ပါတယ်။ ပြည် သူပြည်သားတွေဟာလည်း အသိအမြင်ကျယ်ပြောလာပြီး တော်တော်များများက LGBTQ တွေအပေါ် အမြင်ရှင်းလာပြီး လက်ခံပေးလာကြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှသာ ပုံစံအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖော်နေတဲ့ LGBTQ တွေပေါ် ဖမ်းဆီးတာတွေ၊ နှိပ်စက် တာတွေ၊ သတ်ဖြတ်တာတွေ၊ ကိုယ်ထိလက်ရောက် ပြုမူစော်ကားမှု၊ နှုတ်အားဖြင့်ပြောဆိုစော်ကားမှု၊ လူလူချင်း စော် ကားနှိပ်စက်မှုတွေနဲ့ လူ့အခွင့်အရေးကို ကောင်းကောင်းကြီး စော်ကားနေရပါတယ်။ မန်းတို့ရဲ့ LGBTQ community ရဲ့ သွေးကြေးတွေ ဂုဏ်သိက္ခာကြွေးတွေအတွက် အတိုးရော အရင်းပါ ပြန်တောင်းဖို့ရှိပါတယ်။ ရအောင်လည်းယူမှာပါ။

LNK ။ ။ တောထဲမှာ နေထိုင်တာ ဘယ်လို အမှတ်တရအဖြစ်အပျက်တွေရှိလဲ။
မန်းအောင်သန့်စင် ။ ။ တောထဲမှာနေရတဲ့ အမှတ်တရက ပြောရင်ကုန်မှာမ ဟုတ်ဘူး။ နေရာဒေသအသီးသီးက လူမျိုးစုံ၊ အလွှာပေါင်းစုံ၊ အသိပညာရှင်၊ အတတ်ပညာရှင်ပေါင်းစုံနဲ့ သင်ကြားခဲ့ရတာတွေ၊ မြင်ခဲ့ရတာတွေ၊ ဆက် ဆံခဲ့ရတာတွေ၊ ခံစားချက်တွေ ဖွင့်ဖော်ပြောပြခွင့်ရခဲ့တာတွေက အမှတ်တရပါပဲ။ မန်းအတွက်ကတော့ အသိပညာ၊ အတတ်ပညာပေါင်းစုံကို တစ်နေရာထဲမှာ သင်ကြားခွင့်ရခဲ့တယ်လို့ မှတ်ယူပါတယ် ကျေနပ်ပီတိဖြစ်ခဲ့ရပါတယ်။

စိတ်ညစ်စရာတွေ၊ စိတ်ပျက်စရာတွေရှိပေမယ့်လည်း တော်လှန်ရေးအပေါ် ယနေ့အချိန်ထိ စိတ်မကုန်သေးပါဘူး။ အခက်အခဲဆိုတာ နေရာတိုင်း၊ ဌာနတိုင်းမှာရှိပေမယ့် အဲ့ဒီအခက်အခဲကို ဘယ်လိုဖြေရှင်းရမလဲ။ ဘယ်လိုနေတတ် အောင်ကြိုးစားရမလဲဆိုတာအရေးကြီးပါတယ်။ အရာရာတိုင်းကို ကိုယ်နဲ့လိုက်ရောညီထွေ လက်ခံမှုရှိအောင် ကိုယ်ကိုယ်တိုင်ကပဲ နားလည်မှုပေးရမှာဖြစ်တယ်။

ဘာကြောင့်လဲဆိုတော့ မတစ်ထောင်သားတွေနဲ့ ပေါင်းသင်းရတဲ့အခါမှာ ခံစားချက်၊ ခံယူချက်တွေကို ရှေ့တန်းမတင်ဖို့နဲ့ ကိုယ်နဲ့အမြင်မတူတဲ့သူတွေနဲ့ ညှိနှိုင်းဖို့ဆိုတာ မဖြစ်နိုင်တာကြောင့် ဖြစ်ပါတယ်။ အဓိက ဘုံရည်ရွယ်ချက်ဖြစ်တဲ့ အရေးတော်ပုံအောင်ကိုအောင်ရမည်ဆိုတဲ့ စိတ်ထားကြောင့်မို့လို့ ရည်ရွယ် ချက်တူ၊ ခံစားချက်တူ၊ ရင်ဘတ်ချင်းတူကြသူတွေ ဖြစ်တဲ့အတွက် အသေးစားပြသနာတွေကို လျစ်လျူရှုထားပြီး တော်လှန်ရေးအတွက် အကောင်းဆုံးရှေ့ ဆက်နိုင်ခဲ့ပါတယ်။

LNK ။ ။ တိုက်ပွဲတွေရော ဝင်ပြီးပြီလား ။ ဘယ်လိုတိုက်ပွဲတွေ ဆင်နွှဲပြီးပြီလဲ။
မန်းအောင်သန့်စင် ။ ။ တိုက်ပွဲတွေတော့ မဝင်ရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ မန်းသည် မန်းပညာရပ်နဲ့ ပတ်သတ်ပြီး PDF နဲ့ ပြည်သူလူထုရဲ့ကျန်းမာ ရေးအတွက် ဆေးရုံတစ်ခုမှာ အလုပ်လုပ်ပေးနေရလို့ ဖြစ် ပါတယ်။ သို့သော် လည်း မန်းသည် မကြာမီ အချိန်အတောအတွင်းမှာ ရှေ့တန်းထွက်ရတော့မှာဖြစ်ပါတယ်။ အဲ့အတွက်လည်း အကောင်းဆုံး ပြင်ဆင်ထားပါတယ်။

LNK ။ ။ တော်လှန်ရေးအောင်ခဲ့ရင် ဘာတွေဆက်လုပ်မယ်လို့ ရည်မှန်းထားလဲ။
မန်းအောင်သန့်စင် ။ ။ တော်လှန်ရေးအောင်ခဲ့ရင် လိုအပ်တဲ့နေရာတွေမှာ ပြည် သူလူထုအတွက် သင့်တော်ရာမှာ ကူညီအားဖြည့်ပေးဖို့အသင့်ပါပဲ။ မန်းက ကိုယ့်ရဲ့ Professional အလုပ်နဲ့ပတ်သတ်ပြီး တကယ်လို အပ်တဲ့နေရာ ဥပမာ- ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့လိုနေရာမျိုးမှာ ကြိုးကြာတောင်ပံခတ်သလို ကိုယ်ရဲ့အလုပ်နဲ့ပတ်သတ်ပြီး လုပ်နိုင်တာတွေကို လုပ်ဆောင်ပေးချင်ပါသေးတယ်။

လောကမှာ တန်ဖိုးအရှိဆုံးလူသားအဖြစ် တန်ဖိုးအရှိဆုံး လူသား ဖြစ်ချင်ပါသေးတယ်။ လိုအပ်နေတဲ့ ပြည်သူလုထုအတွက် ပေးဆပ်ရဲတဲ့ အဓိပ္ပါယ် ရှိတဲ့ လူသားတစ် ယောက်ဖြစ်ချင်ပါသေးတယ်။ ဒါကြောင့်မို့လို့ မန်းဟာ ပေးဆပ်သူအဖြစ်နဲ့ လူသားတွေရဲ့အကျိုးကို ပကာသနမပါ ကိုယ်ကျိုးမကြည့်ဘဲ ပေးဆပ်ဖို့အသင့်ပါလို့ ကတိပေးပါတယ်။

Credit

Leave a Reply

Your email address will not be published.