ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အဂတိလိုက်စားမှု ၄ မှုကို သြဂုတ်လ ၁၅ ရက်နေ့ အမိန့်ချမည်

News

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အဂတိလိုက်စားမှု ၄ မှုကို သြဂုတ်လ ၁၅ ရက်နေ့ အမိန့်ချမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာသိမ်း စစ်ကောင်စီက တရားစွဲဆိုထားသည့် အဂတိအမှု ၄ မှုကို လာမည့် သြဂုတ်လ ၁၅ ရက်နေ့တွင် အပြီးသတ်အမိန့် ချမှတ်ရန် ရှိနေကြောင်း သတင်းရရှိသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်ပတ်သတ်၍ အဂတိလိုက်စားမှုတွေ ကျူးလွန်သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မများဖြင့် အမှု ၄ မှု တရားစွဲဆိုထားတာဖြစ်ပြီး အဆိုပါ အမှုများကို နေပြည်တော်အချုပ်ထောင်ရှိ ထောင်တွင်းအထူးတရားရုံး၌ လာမည့် တနင်္လာနေ့တွင် အပြီးသတ် အမိန့်ချဖို့ ချိန်းဆိုထားကြောင်း တရားရုံးနှင့်နီးစပ်သူများထံက သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံမှ အမေရိကန်ဒေါ်လာ ၅ သိန်း ၅ သောင်းလက်ခံရယူတယ်ဆိုတဲ့ စွပ်စွဲချက်ချက်ဖြင့် စစ်ကောင်စီက အဂတိမှု ၂ မှု ထည့်သွင်းစွဲဆိုထားတာဖြစ်ပြီး လုပ်ငန်းရှင် ဦးမောင်ဝိတ်ကတော့ အဆိုပါ ငွေကြေးများကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှာ အသုံးပြုဖို့အတွက်သာ လှူခဲ့တာဖြစ်ကြောင်း တရားခွင်တွင် လာရောက်ထွက်ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံရေးဖြတ်သန်းမှုတလျှောက် အဂတိတရားကင်းစွာ ဆောင်ရွက်ခဲ့သူဖြစ်ပြီး စစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာချလိုသည့်အတွက် ယခုလို အဂတိအမှုများဖြင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ပြောဆိုကြသည်။

ယမန်နေ့ (သြဂုတ်လ ၁၂ ရက်) နေ့က နေပြည်တော် အချုပ်ထောင်ရှိ ထောင်တွင်းအထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူတို့ ၃ ဦးအပေါ် စစ်ကောင်စီက တရားစွဲဆိုထားသည့် ရွေးကောက်ပွဲမသမာမှု ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) ဖြင့် ကြားနာစစ်ဆေးခဲ့ပြီး လာမည့် သြဂုတ်လ ၂၆ ရက်နေ့တွင် အပြီးသတ်လျှောက်လဲရန် ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တိုင်းပြည်အာဏာသိမ်းယူပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ ခုဖြင့် တရားစွဲဆိုထားပြီး လက်ရှိတွင် အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ကာ နေပြည်တော် အချုပ်ထောင်တွင် ဖမ်းဆီးအကျဉ်းချထားသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ လက်ရှိတွင် စစ်ကောင်စီ စွဲဆိုထားသည့် အမှု ၁၃ မှုကို ဆက်လက်တရားရင်ဆိုင်နေရသည်။

Source- ဧရာဝတီတိုင်းမ်

Crd

Leave a Reply

Your email address will not be published.