ကိုမင်းကိုနိုင် ပြောပြတဲ့ ကိုဂျင်မီအကြောင်း (သို့မဟုတ်) တော်လှန်ရေး အနုပညာသမားရဲ့ ဘဝဇာတ်ကြောင်း

News

“ ကိုဂျင်မီ(သို့မဟုတ်)တော်လှန်သော အနုပညာသမား ”

(ကိုမင်းကိုနိုင် ပြောပြတဲ့ ကိုဂျင်မီ့အကြောင်း )

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် အပါအဝင် သေဒဏ်ပေးထားတဲ့ သူလေးဦးရဲ့ သေဒဏ်ကို အတည် ပြုလိုက်ပြီး သူတို့ကိုကွပ်မျက်လိုက်ပြီလို့

စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ သူတို့ကို ဘယ်အချိန်မှာကွပ်မျက်လိုက်တယ်၊ဘယ်လိုကွပ်မျက်လိုက်တယ်ဆိုတာကတော့

အခုအချိန်ထိ မိသားစုက အတိအကျဘာမှ မသိရသေးပါဘူး။လက်နက်တွေနဲ့အတူမိလို့ ၊ဖောက်ခွဲမှုတွေကို နောက်ကွယ်ကကြိုးကိုင်လို့ ၊

အမျိုးသားညီညွတ် ရေး အစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH )တို့နဲ့ အဆက်အသွယ်လုပ်လို့ ဆိုတဲ့

စွပ်စွဲချက်တွေနဲ့ ကိုဂျင်မီရဲ့ သေဒဏ်ကို အာဏာသိမ်းစစ်ကောင်စီက အတည်ပြုခဲ့တာပါ။

၂၀၂၁ခုနှစ် အာဏာ မသိမ်းခင်ကကော၊ အာဏာသိမ်းပြီးတဲ့အချိန်ထိပါ ကိုဂျင်မီနဲ့ တောက်လျှောက် လက်တွဲလှုပ်ရှားခဲ့တဲ့

၈၈ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းကိုနိုင်က ကိုဂျင်မီနဲ့ ပတ်သက်ပြီး သူ့အမြင် သူ့ခံစားချက်တွေကို Burma VJ ကိုပြောပြပါတယ်။

ကိုဂျင်မီ(ခ)ကိုကျော်မင်းယုဟာ တော်လှန်တဲ့ အနုပညာသမား တစ်ယောက်ဖြစ်သလို သူလုပ်ခဲ့တာ တွေကလည်း ပြည်သူ ကိုကာကွယ်ဖို့အတွက်

လုပ်ခဲ့တဲ့အတွက် သူဟာ အကြမ်းဖက် သမားတစ်ယော က်မဟုတ်ဘူးလို့ ကိုမင်းကိုနိုင်က စပြောပါတယ်။

“သူဟာပင်ကိုယ်အားဖြင့်ငြိမ်းချမ်းတဲ့ အနုပညာသမားပါ။ခေတ်ကြီးက တောင်းဆိုတဲ့အခါ ပြည်သူ တွေကို ကာကွယ်ဖို့ သူကြိုးစားခဲ့တယ်။

ငြိမ်းချမ်းရေး ကဗျာဆရာတွေတောင် တော်လှန်ရေးထဲ ရှေ့ဆုံးက ပါလာကြ၊လက်နက်ကိုင်သူ ကိုင်နေကြတဲ့ နွေဦးမှာ သူ့ထံက ဘာတွေ့တွေ့ ၊

သူချစ်တဲ့ ပြည်သူကို ကာကွယ်ဖို့ပဲဆိုတာ ယုံမှားစရာမလိုပါ။ သူဟာတော်လှန်သော အနုပညာသမားပါ။ အကြမ်းဖက်မဟုတ်တာသေချာပါတယ်။”

ကိုဂျင်မီနဲ့ ကိုမင်းကိုနိုင်ဟာ ၂၀၀၇တုန်းကလည်း စစ်အာဏာရှင်ကို အတူလက်တွဲ ဆန့်ကျ င်ခဲ့တဲ့အတွက် နှစ်ရှည် ထောင်ဒဏ်(၆၅)နှစ် အတူကျခဲ့ဘူးသလို၊

၂၀၂၁ခုနှစ် စစ်အာဏာ သိမ်းပြီးနောက်ပိုင်းမှာလည်း ၅၀၅(ခ)ပုဒ်မနဲ့ နှစ်ယောက်လုံး တရားစွဲခံခဲ့ရပါတယ်။ကိုဂျင်မီအဖမ်းမခံရခင်အချိန်ထိလည်း

သူတို့နှစ်ယောက်ကြား အဆက်အသွယ် ပုံမှန်ရှိခဲ့ပုံရသလို အချို့ အွန်လိုင်းအစည်းအဝေးတွေတောင် အတူတက်တာတွေ့ရပါတယ်။

အနုပညာဖြတ်သန်းမှု ကိုဂျင်မီရဲ့ အနုပညာလှုပ်ရှားမှု အကြောင်းကိုပြောရရင် (၁၀)တန်းကျောင်းသားဘဝကတည်းက စခဲ့တယ်လို့ ပြောရမှာပါ။

စာစောင်တွေမှာ ကဗျာတွေ စရေးခဲ့ပြီး ပထမအကြိမ်ထောင်က လွတ်တဲ့အချိန် ၂၀၀၅ ခုနှစ်မှာ ဘုန်းသုခကလောင်အမည်နဲ့ ကဗျာတွေ၊

ဆောင်းပါးတွေလည်း ရတီမဂ္ဂဇင်းမှာ ရေးခဲ့ပါတယ်။ပြီးတော့ ´မိတ်ဖြစ်ဆွေဖြစ်´ဆိုတဲ့ အမည်ရှိတဲ့ လူငယ်လမ်းညွှန် စာအုပ်ကိုလည်း ဘာသာပြန်ခဲ့တာရှိပါတယ် ။

Andrew Matthew ရဲ့ Making friends ဆိုတဲ့စာအုပ်ကို ကိုဂျင်မီဘာသာပြန်ထားတဲ့

မိတ်ဖြစ်ဆွေဖြစ် စာအုပ်က ၂၀၀၅ခုနှစ်ရဲ့ အရောင်းရဆုံး စာရင်းဝင်ခဲ့ပါတယ်။

ထောင်၆၅နှစ် ကျနေတဲ့အချိန် တောင်ကြီးထောင်ထဲ မှာ ၂၀၁၀ခုနှစ်က ရေးခဲ့တဲ့ လမင်းစန္ဒာ အင်းလေး ကန်သာ ဝတ္ထုကို

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မှာ ထုတ်ဝေခဲ့ပါတယ်။ ထောင်ကလွတ်ပြီး ၂၀၁၂ခုနှစ်နောက်ပိုင်းမှာလည်း ဂျင်မီကလောင်နဲ့ ဆောင်းပါးတွေ ရေးခဲ့ပါတယ် ။

ကိုမင်းကိုနိုင် နဲ့အတူ စာပေဟောပြောပွဲတွေအများကြီး လိုက်ဟောခဲ့ပြီး တေး သီချင်းအချို့ကိုလည်း ဖန်တီး ရေးသားသီဆိုမှုပြုခဲ့ပါတယ်။

ကိုဂျင်မီဟာ အနုပညာနဲ့ အားကစားတွေထူးချွန်ရုံတင်မက သတင်းပြန် ကြားရေး အလုပ်တွေ မှာ လည်း အားကိုးရတဲ့သူဖြစ်လို့ တမ်းတမိတယ်လို့လည်း ကိုမင်းကိုနိုင်ကပြောပါတယ်။

“သူဟာ အနုပညာအစ၊အားကစားအဆုံး ထူးချွန်သူမို့ နယ်ပါယ်စုံကို အမြဲထိတွေ့ တွဲလုပ်နိုင်ခဲ့ တာမဆန်းပါ။

ခုတော်လှန်ရေးမှာ သတင်းပြန်ကြားရေးအလုပ်တွေ အားပြိုင်ရတိုင်း လိုရင်းထိမှန် အားကောင်းမောင်းသန် ရှင်းတဲ့နေရာမှာ အားကိုးရတဲ့ သူ့ကို တမ်းတမိပါတယ်”

နိုင်ငံရေးဖြတ်သန်းမှု ကိုဂျင်မီရဲ့ နိုင်ငံရေးဖြတ်သန်းမှုဟာ ၁၉၈၈ လူထုအရေးတော်ပုံက စခဲ့တယ်လို့ ပြောရမှာပါ။

အသက် ၁၉နှစ်အရွယ် တက္ကသိုလ်ကျောင်းသားဘဝ ၁၉၈၈ မတ်လ (၁၆)ရက် တံတားနီ ကျောင်းသားလှုပ်ရှားမှုမှာ စပါခဲ့ပြီး

၁၉၈၈ အာဏာသိမ်းပြီးချိန်မှာလည်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် (စည်းရုံးရေးဥက္ကဌ) တာဝန် ယူခဲ့ပါတယ်။

၁၉၈၉ ဩဂုတ်လ (၁၅)ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထောင်ထဲမှာ၁၆နှစ် ကြာနေခဲ့ရပြီးနောက်

၂၀၀၅ ခုနှစ်၊ ဇူလိုင်လ (၆) ရက်ကျမှ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

အဆမတန်တိုးမြှင့်တာကို ကန့်ကွက် ဆန္ဒပြတဲ့အနေနဲ့ ကိုမင်းကိုနိုင်အပါအဝင် အခြား(၈၈) မျိုးဆက် ကျောင်းသားတွေနဲ့ အတူ

လမ်းလျှောက်ခဲ့ပြီးနောက် ထပ်အဖမ်းခံခဲ့ရပါတယ်။အဲ့ဒီအကြိမ်မှာလည်း ထောင်၆၅နှစ်ကျပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ပြန်လည်လွတ်လာတဲ့အတွက်

ထောင်ကျခဲ့တဲ့နှစ်ကြိမ်ပေါင်း သူ ထောင်ထဲမှာနေခဲ့ရတဲ့နှစ်က ၂၁နှစ်တောင်ရှိခဲ့ပါတယ်။

သူ့အသက်အရ ခေတ်ပြိုင်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေထဲမှာ အငယ်ဆုံးလို့ ပြောနိုင်ပေမယ့် သူဟာလူကြီးဆန်ပြီး၊

လေ့လာအားကောင်းတာတွေတယ်လို့လည်း ကိုမင်းကိုနိုင်က ပြောပါတယ်။

“ပြသာနာရှိတိုင်း သူကကြောင်းကျိုးဆက်စပ် စဥ်းစားပြလေ့ရှိတယ်။ သူ့မှာခေတ်ဟောင်း သမိုင်းကို လေ့လာထားမှု အားကောင်းတယ်။

ခေတ်သစ်သမိုင်းကိုလည်း ကိုယ်တိုင်ဝင်ရေးရင်း သုံး သပ်နိုင် တယ်။ သမိုင်းထဲက ဆင်တူဖြစ်ရပ်တွေကြုံတိုင်း သတိပေးနှိုးဆော်တာ ဆင်ခြင်စရာချည်းပဲ “

စည်းရုံးရေး ပါရမီရှိသူ ကိုဂျင်မီဟာ သူမှန်တယ်ထင်တာကိုပဲ စွတ်လုပ်တတ်သူမဟုတ်သလို အခြားသူတွေရဲ့

သဘော ထားအမြင်တွေကိုပါ လက်ခံစဥ်းစားလေ့ရှိသူ၊ ဆုံးဖြတ်ခွင့်ပေးတတ်သူလို့လည်း ကိုမင်းကိုနိုင်က ထပ်ဖြည့်ပြောပါတယ်။

“ကာလသုံးပါးဖြစ်လေ့ရှိသမျှ ယှဥ်နှိုင်းပြပြီး၊လူတိုင်းကို ရွေးချယ်ဆုံးဖြတ်ခွင့်ပေးတယ်။ သူ့တရား မှမှန်တယ်တော့ မလုပ်ဘူး။

သဘောထားအမြင်တွေကို တွေးခွင့် ဆုံးဖြတ်ခွင့် ပေးတတ်သူ ပါ။နောက်တစ်ခုက သူက စည်းရုံးရေးပါရမီပါသူပါ။

ကိုယ့်ဘက်သားအချင်းချင်း စိတ်ဝမ်း မကွဲအောင် တူတာက စပြောတတ် သူပါ။ ကျွန်တော်တို့ သူ့ဆီက သင်ယူခဲ့ရတာအများကြီးပါ ”

ပြီးတော့ ကိုဂျင်မီက တစ်ဦးချင်းအပေါ်ဂရုစိုက်တတ်ပြီး သူများပြောတာကိုလည်း စိတ်ရှည်ရှည် နားထောင်တတ်သူလို့ ကိုမင်းကိုနိုင်က ဆိုပါတယ်။

“တစ်ဦးချင်းအပေါ်ဂရုစိုက်မှုတွေ အင်မတန်စိတ်ရှည်ရှည် နားထောင်ပေးနိုင်သူပါ။ သူရဲရင့်တာ၊ အလုပ် အပေါ် ဝိရိယထားတာ လူသိများပါတယ်။

အများစုနဲ့ အဆင်ပြေရခြင်းအချက်က သူဟာ ကျရောက်လာတဲ့ တာဝန်ကို မငြီးမငြူထမ်းတတ်သူပါ။

ဝတ်ကျေတမ်းကျေထပ် ပိုလုပ်တဲ့သူပါ။ ပြောချင်တာက တာဝန်ခွဲဝေမှုမှာ သူ့ကြောင့် အလုပ်မဖြစ်မှာမျိုး

နှောင့်နှေးငြင်းခုန်မှာမျိုး ဘယ်တော့မှ အကြုံမခံဘူး။ သူနဲ့ဆိုအားလုံးနီးပါးကတွဲလုပ်ချင်ကြတယ်။ ချွင်းချက်တော့ရှိမှာပေါ့”

ကိုဂျင်မီဟာ အတွေ့အကြုံရှိတဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက် ဘယ်အခြေမျိုးကိုဖြစ်ဖြစ် ကျော် ဖြတ်နိုင်မှာပဲလို့ ကိုမင်းကိုနိုင်ငံက ယုံကြည်နေပါတယ်။

“ဘဝစုံ နိမ့်မြင့်တုံတွေ ကြုံဖူးနေကျမို့ သူဘယ်အခြေအနေဖြစ်ဖြစ် နှလုံးသွင်းမှန်နေတတ်မှာ လည်းယုံပါတယ်။ ရောက်ရာအရပ်မှာ တန်ဖိုးရှိနေမှာပါ “

(ဇူလိုင်၉ရက်နေ့က Burma VJမှာတင်ထားတာကို သတင်းအချက်အလက်ထပ်ဖြည့်ပြီး တင်တာပါ)

Credit

Leave a Reply

Your email address will not be published.