ကျိုက်ကလော့ဘုရားပေါ်က ထူးဆန်းသောဖြစ်ရပ်နဲ့ ဘုရင့်နောင်မင်းရဲ့မိဖုရား ယိုးဒယားမင်းသမီး တို့အကြောင်း

News

ရန်ကုန်ပြည်လမ်း မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်(ဝါယာလက်ဈေး)အနီးရှိ

ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလော့စေတီတော်မြတ်ကြီးကို အိမ်နဲ့နီးသော်လည်း သိပ်မရောက်ဖြစ်ပါ။

အခါကြီးရက်ကြီးလောက်သာ ရောက်ရှိဖူးမျှော်ဖြစ်ပါတယ်။ ထိုကဲ့သို့ရက်များတွင် ပျားပန်းခတ်မျှလူစည်ကားသလို

အထူးသဖြင့် ဘာကြောင့်မှန်းမသိ ရုပ်ရှင်လောကမင်းသမီးအများစုက ဒီဘုရားမှာဆွမ်းကပ်ခြင်း အလှူ ဒါနပြုခြင်း

အများပြည်သူဘုရားဖူးလာသူများကို ပံ့သကူဝတ္တု ပစ္စည်းပေးဝေလှူဒါန်းခြင်းများကိုအခါကြီးရက်ကြီးများတွင်ပြုလုပ်လေ့ရှိပါသည်။

ဒီနေ့တော့ ကြားရက်ဖြစ်သဖြင့် ဘုရားပေါ်တွင်လူသူရှင်းနေပါတယ်။ ဘုရားတစ်ပါတ်လှည့်သောအခါ

ကျနော် အရင်ကမြင်နေကျမဟုတ်သော နတ်နန်းတစ်ခုက အမည်ပြောင်းလဲနေသည်ကိုတွေ့လိုက်ရပါတယ်။

ထိုနတ်နန်းမူလအမည်မှာ”ယိုးဒယားမင်းသမီး အမျိုးရုံမိဖုရားနတ်နန်း” ပါယခုပြောင်းလဲထားသောအမည်က

”ယိုးဒယားမင်းသမီး ဆုပန်ကလျာ နတ်နန်း” တဲ့ နှစ်ပေါင်းသုံးလေးရာ ခေါ်ဆိုလာခဲ့တဲ့ အမည်တစ်ခုဆိုတာထက်

ဒုတိယပြည်ထောင်မင်းကြီး ဘုရင့်နောင်ကျော်ထင်နော်ရထာရဲ့ မိဖုရားယိုးဒယားမင်းသမီး (ယိုးဒယားဘုရင် ဗြနရဇ်ရဲ့နှမတော်မင်းသမီး)နာမည်က

အမျိုးရုံမင်းသမီးဆိုတာ မှန်နန်းရာဇဝင်တော်တို့ တွင်းသင်းရာဇဝင်သစ်တို့မှာအထောက်အထားမှန်ကြောင်းပါရှိပါရက်နဲ့

ဘာကြောင့် အလွယ်တကူ ဗြုံးစားကြီးပြောင်းပစ်ကြတာလဲမသိ။စိတ်ထဲဝယ်သိပ်မကျေနပ်ပါ။

သိခြင်စူးစမ်းခြင်စိတ်နဲ့အတူ ကျနော်ဘုရားဂေါပကအဖွဲ့ဝင်တွေကိုလှည့်ပါတ်မေး ဒုက္ခပေးတော့တာပါဘဲ။

နိဒါန်းဇတ်လမ်း ပြန်အစဖေါ်ရလျင် ဒီဘုရားမှာ “အမျိုးရုံမိဖုရားနတ်နန်း”မရှိခင်အချိန်

လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်အချိန်က ယိုးဒယားဘုရားဖူးအဖွဲ့တွေ ဒီကျိုက်ကလော့ဘုရားကို အဖွဲ့လိုက်တွေ မကြာခဏလာကြပါတယ်။

ယိုးဒယားထုံးစံ ပန်းများကြာပွင့်များ ဆွမ်းအုပ်များ ပန်းအလှအလှူ များ ဆီမီးနံ့သာများနဲ့ ဘုရားကိုအရင်ပူဇော်ပြီး

ရင်ပြင်တော် တနင်္ဂနွေထောင့်ကွက်လပ်ညောင်ပင်အောက်မှာ ပူဇော်ပွဲတွေပြင်ဆင်ပြီး ပူဇော်ပွဲ လုပ်ကြပါတယ်။

ဒီလို မကြာခဏလုပ်တာများလာတော့ ဘုရားလူကြီးတွေလဲ သို့လော သို့လော သိခြင်စိတ်များလာပါတယ်။

ပေါက်ကုန်းရပ်ကွက်ထဲက ယိုးဒယားဘာသာစကားတတ်တဲ့သူတစ်ယောက်အဆင်သင့်ရှာထားပြီး

ယိုးဒယားဘုရားဖူးအဖွဲ့နောက်တစ်ဖွဲ့လာတော့ ဘာသာပြန်အကူအညီနဲ့ မေးမြန်းသိရှိရတာကတော့

ထူးဆန်းအံ့သြဖွယ်ရာအဖြစ်အပျက်ကိုသိရှိရပါတော့တယ်။ယိုးဒယားမှာကျန်ရှိနေတဲ့

ဘုရင့်နောင်မင်းမိဖုရား အမျိးရုံရဲ့ဆွေတော်မျိုးတော်အဆက်အနွယ်တွေကို

မိဖုရားအမျိုးရုံက နတ်ပူးပြောတယ်ဆိုပါတော့ဗျာ။သူ့ရဲ့အခေါင်းနဲ့အရိုးအိုးကို

ဒီကျိုက်ကလော့ဘုရား ရင်ပြင်တော်တနင်္ဂနွေထောင့်မှာ မြုတ်နှံထားပါသတဲ့။

ဆွေတော်မျိုးတော်တွေ လာရောက်ပြီးဘုရားပူဇော်ပြီး သူ့ကိုတနင်္ဂနွေထောင့်ရင်ပြင်မှာ ပူဇော်ပွဲလုပ်ပေးပါလို့ပြောသတဲ့။

အနုပညာလုပ်ငန်းလုပ်ကိုင်သူတွေ သူ့အဆက်အနွယ်ထဲမှာရုပ်ရှင်မင်းသမီးများတော့

အောင်မြင်အောင် သူလုပ်ပေးနိုင်ကြောင်း မစပေးနိုင်ကြောင်းပြောသတဲ့။

ဒါကြောင့် သူ့အဆက်အနွယ်အမျိုးတွေက လာရောက်ပူဇော်ရခြင်းဖြစ်သလို

ဒီအကြောင်းသိတဲ့ မြန်မာ ရုပ်ရှင်မင်းသမီးတွေလဲလာရောက်ပူဇော်ခြင်းဖြစ်ကြောင်း စကားပြန်မှတဆင့်သိရပါတယ်။

အခုလာတဲ့အဖွဲ့က လာရောက်တာသုံးနှစ်ရှိပါပြီတဲ့။သူတို့က မင်းသမီးအမျိုးရုံ ဝိညာဉ်ကို

ထိုင်းနိုင်ငံသို့ပြန်ခေါ်နေတာ သုံးနှစ် သုံးခါရှိပေမဲ့ မင်းသမီးက ပြန်မလိုက်လိုပါဘူးတဲ့။

သူ့အပေါ် စေတနာမေတ္တာကြီးမား ကြင်နာသနားသောမောင်တော်ဘုရင့်နောင်အပိုင်စားပေးထားသောနေရာ

မောင်တော်ရဲတိုင်းနိုင်ငံမှာဘဲ ဆက်လက်နေထိုင်လိုကြောင်း နောက်ထပ်မခေါ်ဘို့ ကတိတောင်းကြောင်း ပြောတဲ့အတွက်

ထိုထိုင်းအနွယ်အဖွဲ့ ငိုယိုပြီးဝမ်းနည်းပက်လက်နဲ့ပြန်သွားပါတယ်။သူတို့ပြောတဲ့ ရင်ပြင်တနင်္ဂနွေထောင့်မှာ

အခေါင်းနဲ့အရိုးအိုးရှိတယ်ဆိုတာကိုလဲ ဘုရားဂေါပကအဖွဲ့က သိပ်အလေးမထား အမှုမဲ့ အမှတ်မဲ့ မေ့မေ့ပျောက်ပျောက်ထားခဲ့ကြပါတယ်။

၁၉၉၉ ခုနှစ်အရောက်မှာသက်တမ်းနှစ်တစ်ရာကျော်လို့ ပျက်စီးယိုယွင်းနေတဲ့ ကျိုက်ကလော့ဘုရားထီးတော်ကြီးကို

နိုင်ငံတော်အဆင့်နဲ့ အသစ်လဲလှယ် ထီးတင်ပွဲကြီးပြုလုပ်ခဲ့ပါတယ်။မူလထီးတော်အဟောင်းကြီးထားဖို့နေရာကိုစဉ်းစားတဲ့အခါ

တနင်္ဂနွေထောင့်က ကျယ်လဲကျယ်တယ် ထီးတော်အဟောင်းကိုကွန်ကရစ်နဲ့ငုံပြီးဘုရားတည်ရင်ကောင်းမယ်လို့ အများသဘောတူဆုံးဖြတ်ကြပြီး

ဖောင်ဒေးရှင်းတူးတဲ့အခါ အလုပ်သမားတွေကဂေါပကအဖွဲ့ကို”ဆရာတို့ ဒီမှာ အခေါင်းကြီးတစ်ခု တူးမိလို့ဗျ

ဘုန်းကြီးအခေါင်းလား လူအခေါင်းလားမသိဘူး လာကြည့်ကြပါအုံး”ဒီတော့မှ

အံ့သြဘနမ်းအားလုံးသွားရောက်ကြည့်ရှု့ပြီး ယိုးဒယားဘုရားဖူးအဖွဲ့ရဲ့စကားကိုအမှတ်ရကာ

”ဟေ့ ဟေ့ ဖြေးဖြေးတူးကြပါ နောက်ထပ် အရိုးအိုးတစ်ခုတွေ့လိမ့်မယ် မပျက်စီးအောင်တူးကြပါ သတိထားကြ”လို့မှာကြားရင်း

စေါင့်ကြည့်တဲ့အခါ မကြာပါဘူး ပုံထဲကအတိုင်းဘုရင့်နောင်မင်းမိဖုရား ယိုးဒယားမင်းသမီးအမျိုးရုံရဲ့

ကျောက်စီရွှေချအရိုးအိုးကို အကောင်းအတိုင်းတွေ့ရှိပြီး အထဲမှာအရိုးစတွေ တွေ့ရှိရပါတော့တယ်။

ဘယ်လိုလုပ်လို့ ဘယ်ထားရမလဲ မသိတော့ ဂေါပကရုံးထဲမှန်ဘီရိုထဲမှာ ယနေ့အထိ ထိန်းသိမ်းထည့်ထားလိုက်ပါတယ်။

အဲ့ဒီနေ့မှာဘဲ အင်းစိန်ကအမျိုးသမီးတစ်ယောက်က မကျွတ်မလွတ်သေးတဲ့သူတွေအမျှအတန်းဝေအလှူ လုပ်ပေးခြင်တယ်

နောက်ဆိုင်ရာပိုင်ရာတွေကိုနတ်ကနားပေး ခြင်တယ်ဆိုတာနဲ့ ဘုရားဂေါပကရုံးရင်ပြင်အောက်မှာလုပ်ခွင့်ပေးလိုက်ပါတယ်။

နတ်ကနားပေးတဲ့အချိန် နတ်ကတော်ကို ဘာသာခြားစကားပြောတဲ့ ဝိညာဉ်တစ်ခု ပူးနေတယ်

ဘုရားလူကြီးနဲ့တွေ့ခြင်ကြောင်း ခြေဟန်လက်ဟန် နဲ့ပြောနေတယ်ဆိုလို့ ကြည့်လိုက်တော့

ယိုဒယားစကားမှန်းအတွေ့အကြုံ အရသိနေတော့ ဆိုက်ကယ်နဲ့ ဘာသာပြန်ကိုပြေးခေါ်မေးလိုက်တော့။

ဘုရင့်နောင်မင်းရဲ့ယိုဒယားမိဖုရားအမျိုးရုံဖြစ်ကြောင်း ဒီဘုရားကိုစေါင့်ရှောက်သာသနာပြုနေကြောင်း

သူ့အတွက် နတ်နန်းတည်ပေးစေလိုကြောင်း ယိုဒယားကသူ့အဆက်အနွယ်တွေကို နန်းတည်ပေးဖို့ ခေါ်လိုက်ပြီဖြစ်ကြောင်း

ဘုရားလူကြီးမှ ခွင့်ပြုပေးစေလိုကြောင်း စကားပြန်မှတစ်ဆင့် ပြောကြားသဖြင့် ဘုရားလူကြီးမှ ခွင့်ပြုပေးမည်ဖြစ်ကြောင်း

ပြန်ပြောလိုက်မှ စာထု စာထု စာထု ခေါ်ထွက်သွားပါတယ်။နောက်မကြာပါဘူး ထိုင်းကအငြိမ်းစားဗိုလ်ချုပ်ကြီးနဲ့

ထိုင်းဘိုးတော်ဦးဆောင်တဲ့အဖွဲ့ရောက်လာတယ်။သူတိုကစကားပြန်ပါလာတယ်။ဂေါပကရုံးကိုလက်ညှိုးထိုးပြပြီး

မင်းသမီးနဲ့တွေ့ခြင်တယ်ပြောတော့ ဥက္ကဋ္ဌနဲ့အတွင်းရေးမှူးမရှိလို့ ပိတ်ထားကြောင်း

အထဲမှာ လူမရှိကြောင်း လုံခြုံ ရေးက ပြောတော့ ထိုင်းဘိုးတော်က စိတ်ဆိုးမာန်ဆိုးနဲ့ တောင်ဝှေးဆောင့်ပြီး”

မင်းငါ့ကိုမလိမ်နဲ့ အထဲမှာငါတို့မင်းသမီးရှိတယ် ဘီရိုထဲမှာထည့်ထားတယ် အခုတံခါးဖွင့်ပေး သော့ဖွင့်ပေးစမ်း”

ဆိုပြီးသောင်းကျန်းတော့တာပါဘဲ။အင်းစိန်ကအလှူရှင်ရယ် သူတို့အဖွဲ့ကဘဲနန်းဆောက်ပြီး

“ယိုးဒယားမင်းသမီးအမျိုးရုံနတ်နန်း”ဆိုင်းပုဒ်တပ်သွားပါတယ်။အရိုးစတစ်ခုကို DNA စစ်ရန်ယူဆောင်သွားပါတယ်။

မြန်မာပြည်ကိုဘဲချစ်လို့လား။ဒါမှမဟုတ် သူ့ရဲ့ချစ်လင်ဘုရင့်နောင်ကိုချစ်လွန်းလို့ လင့်မျက်နှာတစ်ရွာထင်

သံယောဇဉ်ကြီးမားလွန်းလို့လား။လင်ကိုသခင်အဖြစ် သစ္စာကြီးမားလွန်းလို့လား။

မိမိရဲ့တိုင်းပြည်က သုံးနှစ်သုံးမိုးလာခေါ်ပေမဲ့ ပြန်မလိုက်တော့ဘဲရန်ကုန် မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်

ပြည်လမ်းမပေါ်က ကျိုက်ကလော့ဘုရားမှာဘဲ ဆက်လက်နေထိုင်ယုံမက

သူ့ရဲ့အမည်ရင်း “အမျိုးရုံ”ဆိုတာထက် ဘုရင့်နောင်မင်းတရားကြီးပေးအပ်တဲ့ ဘွဲ့အမည်

” ဆုပန်ကလျာ မိဖုရား” အမည်ကို မြတ်နိုးစွာပြောင်းလဲပေးဖို့တောင်းဆိုခဲ့တဲ့

သစ္စာကြီးမားလွန်းတဲ့ ယိုးဒယားဘုရင်ဗြနရဇ်ရဲ့ညီမတော် ဘုရင့်နောင်မင်းတရားကြီးနဲ့ရတဲ့သမီးတော် ရှင်အထွေးရဲ့မယ်တော်

“ယိုးဒယားမင်းသမီး မိဖုရားဆုပန်ကလျာ”ရဲ့ဘဝဇတ်ကြောင်းကိုရေးမိရင်း ဘုရားပေါ်မှ တစ်ယောက်ထဲဆင်းအလာ

အမှတ်မထင်ထီးတော်ဘုရားနားအရောက်မှာတော့ ကြက်သီးထရင်း နားထဲမှာကြားလိုက်ရတဲ့”စာထု စာထု စာထု”ဆိုတဲ့အသံ မပီဝိုးတစ်ဝါးလေးက။

Credit

Leave a Reply

Your email address will not be published.