ကျပ်သိန်း ရှစ်ထောင်ရှိရင် မကွေးတိုင်းအနောက်ခြမ်းက မြို့နယ်နှစ်ခု လွတ်မြောက်နယ်မြေဖြစ်လာမယ်

News

ကျပ်သိန်း ရှစ်ထောင်ရှိရင် မကွေးတိုင်းအနောက်ခြမ်းက မြို့နယ်နှစ်ခု လွတ်မြောက်နယ်မြေဖြစ်လာမယ်
ဇွန် ၅၊ The Nation Voice

ဘတ်ဂျတ်ငွေ ကျပ်သိန်းရှစ်ထောင်ရရှိလာမယ်ဆိုရင် မကွေးတိုင်းထဲက ငဖဲမြို့နယ်နဲ့ စေတုတ္တရာမြို့ နယ်နှစ်ခုကို လွတ်မြောက်နယ်မြေတွေအဖြစ် ဖော်ဆောင်လာနိုင်ဖို့ အာမခံတဲ့အကြောင်း PRA (Magway)ရဲ့စစ်ရေးဆိုင်ရာတာဝန်ခံက The Nation Voice ကို ပြောပါတယ်။

PRA(Magway) အနေနဲ့ ဘတ်ဂျတ် ကျပ်ငွေသိန်း (၅) ထောင်ရရှိလာမယ်ဆိုရင် ငဖဲနဲ့ စေတုတ္တရာ နယ်မြေတွေကို စစ်ရေးအရ စိုးမိုးနယ်မြေတွေအဖြစ် ဖော်ဆောင်လာနိုင်မှာဖြစ်ပြီး နောက်ထပ် သိန်း (၃) ထောင် ထပ်ပေါင်းထည့်လာနိုင်ရင်တော့ လွတ်မြောက်နယ်မြေဖြစ်လာမယ်လို့ စစ်ရေးဆိုင်ရာတာဝန်ခံက ဆိုပါတယ်။

“ လက်တွေ့ကျကျပြောပြမယ်၊ PRA Magway မှာ ဘတ်ဂျက် သိန်း (၅,၀၀၀) လောက်လိုတယ်။ အဲဒါရရင် ငဖဲ၊ စေတုတ္တရာ နှစ်မြို့နယ်ကို ဒီနှစ်ကုန်မှာ စိုးမိုးနယ်မြေအဖြစ် ဖော်ဆောင်နိုင်မယ်။ နောက်ထပ် သိန်း (၃,၀၀၀) ထပ်ဖြည့်ရင် နောက်နှစ် သင်္ကြန်မတိုင်ခင်မှာ လွတ်မြောက်နယ်မြေ ဖြစ်ကို ဖြစ်ရမယ်။ ကျွန်တော် အာမခံတယ် ” လို့ PRA (Magway)ရဲ့စစ်ရေးဆိုင်ရာတာဝန်ခံက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ မေလ (၂၆) ရက်နေ့က PRA ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ်(၄)အတွက် သင်တန်းသားတွေခေါ်ယူခဲ့ပြီး PRA ရဲ့ ရဲဘော်တွေဟာ စစ်ကောင်စီကို တိုက်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့လည်း လက်ရှိအခြေအနေကိုစစ်ရေးတာဝန်ခံက ပြောပါတယ်။

“ ကျွန်တော့် ရဲဘော်တွေ ရှေ့တန်းမှာပါပဲ၊ စစ်ကောင်စီကို တိုက်ဖို့ အသင့်ပြင်ထားပါတယ်၊ အထိနာသွားတဲ့ စကစတပ်က တောထဲမှာ မနေရဲတော့ဘူး ၊ ကျွန်တော်တို့လည်း မြို့တွေ ရွာတွေ ဆင်းတိုက်နိုင်ရလောက်တဲ့ လက်နက်အင်အားမရှိသေးဘူး။ ဒါကြောင့် တောတွင်းမှာပဲ အမြတ်ထုတ်တိုက်ခိုက်နိုင်ဖို့ ကိုယ့်သတ်ကွင်းကိုပဲ ဖိတ်ခေါ်နေရတယ် ” လို့ စစ်ရေးတာဝန်ခံက ပြောပြပါတယ်။

ပြည်သူတွေအနေနဲ့ ကူညီလှူဒါန်းတာတွေရှိနေပေမယ့် တော်လှန်ရေးစရိတ်လိုအပ်ချက်အတွက် ပြည့်မီနိုင်တဲ့ အခြေအနေမရှိဘဲ ဆင့်ပါးစပ်နှမ်းပက်သလို ဖြစ်နေတယ်လို့ သူကဆိုပါတယ်။ စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်တွေကတော်လှန်ရေးအဖွဲ့တွေလိုမျိုး လှုပ်ရှားနိုင်ဖို့ မကွေးတိုင်းထဲက အလားအလာရှိပြီး စနစ်ကျတဲ့ တော်လှန်ရေးအဖွဲ့တွေကို ကူညီဖို့ လိုအပ်နေတယ်လို့ စစ်ရေးတာဝန်ခံက တောင်းဆိုပါတယ်။

“ ပြည်သူတွေက ကူနေ လှူနေကြတာမှန်တယ်၊ ဒါပေမယ့် ပုံမှန်လေး တတ်နိုင်သလောက်ဖြစ်နေတယ် တော်လှန်ရေးစရိတ်လိုအပ်ချက်နဲ့ ထောက်ပံ့မှုရတာက ဆင့်ပါးစပ်နှမ်းပက်နေသလိုပဲ၊ ကျနော်တို့ ထိထိမိမိ ပံ့ပိုးဖို့ လိုတယ်၊ အားစိုက်ကြဖို့ လိုတယ်၊ ကျွန်တော်တို့ ညည်းညူနေရုံနဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူး၊ လက်တွေ့လွတ်မြောက်ချင်ရင် လက်တွေ့အလုပ်လုပ်ကြဖို့ တိုက်တွန်းကြဖို့ လိုတယ် ” လို့ စစ်ရေးတာဝန်ခံက ပြည်သူတွေကိုတိုက်တွန်းပါတယ်။

စတင်တည်ထောင်ခဲ့တာ တစ်နှစ်ခွဲခန့် ကြာပြီဖြစ်တဲ့ PRA(Magway)ဟာ မကွေးတိုင်းအနောက်ခြမ်းက အနောက်ရိုးမပေါ်မှာ အခြေစိုက်တည်ရှိပါတယ်။

မကွေးတိုင်းရဲ့ လက်နက်စက်ရုံတွေတည်ရှိတဲ့ ငဖဲမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်တို့ကို နယ်မြေစိုးမိုးနိုင်ဖို့ အလားအလာကောင်းတွေရှိနေတဲ့ PRA(Magway)ကို ပြီးခဲ့တဲ့ လပိုင်းတွေမှာ စစ်ကောင်စီတပ်တွေက စစ်ရေးဆိုင်ရာထိုးစစ်ဆင်တာတွေလုပ် ဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ရိုးမပေါ်က ဒီစစ်ပွဲတွေမှာ စစ်ကောင်စီတပ်တွေဟာ အကြိမ်ကြိမ်အထိနာခဲ့ရပြီး စစ်ကောင်စီတပ်ဘက်က လက်နက်နဲ့ ကျည်ဆံတွေကို PRA(Magway)က သိမ်းယူနိုင်ခဲ့ကြပါတယ်။

မကွေးတိုင်း မြောက်ခြမ်းက ယောနယ်မြေအပါအဝင် ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်တွေမှာ ဒေသခံ PDF တွေက နယ်မြေစိုးမိုးနိုင်မှု အားကောင်းနေပြီဖြစ်ပြီး မကွေးတိုင်းတောင်ဘက်ခြမ်းက မြို့နယ်တွေကိုတော့ စစ်ကောင်စီက ထိန်းချုပ်ထားဆဲ ရှိနေပါတယ်။

Leave a Reply

Your email address will not be published.