မြန်မာနိုင်ငံက ဝါးနဲ့ဆောက်လုပ်ထားသော စိတ်ဝင်စားဖွယ်ရာ ကိုယ်ပိုင်ကျောင်း

News

ထူးခြားပြီး အရမ်း စိတ်ဝင်စားစရာကောင်းတဲ့ ဝါးနဲ့ဆောက်ထားသော မြန်မာနိုင်ငံက စာသင်ကျောင်းလေး

နိုင်ငံခြားသား ခရီးသွားတွေ အလာအများဆုံး ဒေသတွေထဲက တခုဖြစ်တဲ့ အင်းလေးကန်အနီး၊ ရှမ်းတောင်တန်းတွေ ဝန်းရံထားတဲ့ ညောင်ရွှေမြို့နယ် ချောင်းစောက်ကျေးရွာမှာ ဝါးနဲ့ ဒီဇိုင်းဆန်းဆန်းတည်ဆောက်ထားတဲ့ အဆောက်အအုံ ၃ ခုဟာ ဖြတ်သွား ဖြတ်လာတိုင်းကို အထူးအဆန်းတခုလို ဖြစ်စေပြီး လည်ပြန်ကြည့်သွားစေပါတယ်။

ညောင်ရွှေကနေ မိုင်းသောက်သွားတဲ့ လမ်းမဘေး၊ အင်းလေးကန်ရဲ့ အရှေ့မြောက်ဘက်နားမှာရှိတဲ့ ဒီ အဆောက်အအုံ ၃ ခုမှာ အမှတ်တမဲ့ မြင်လိုက်ရင်တော့ နိုင်ငံခြားသား ခရီးသွားတွေအတွက် ဟိုတယ် ဒါမှမဟုတ် စားသောက်ဆိုင် အသစ်တခုလို့ ထင်ရပါတယ်။

ဒါပေမယ့် ခြံဝန်းထဲမှာ ကလေးတွေ ကစားတဲ့ ဆီးဆော၊ လျှော၊ ဒန်း စတာတွေကို မြင်သွားရင်တော့ ကလေးတွေနဲ့ ဆိုင်တဲ့ နေရာတခုခုလို့ မှန်းဆနိုင်ပါလိမ့်မယ်။

အဲဒီအဆောက်အအုံ ၃ ခုဟာ ညောင်ရွှေရဲ့ ပထမဦးဆုံး ကိုယ်ပိုင်ကျောင်း ဖြစ်ပါတယ်။

ညောင်ရွှေနဲ့ အင်းလေးဒေသဝန်းကျင် မှာရှိတဲ့ ကလေးတွေအတွက် “ အင်းလေးဒေသ အမွေအနှစ် ” က မြေ ၄ ဧက နေရာမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

အင်းလေးဒေသ အမွေအနှစ်ကို တည်ထောင်သူ ဒေါ်ယဉ်မျိုးစုဟာ အင်းလေးမှာ Inle Princess Resort နဲ့ ရခိုင်ပြည်နယ်မှာ Mrauk-U Princess Resort ဆိုပြီး ဟိုတယ်နှစ်ခုရဲ့ မန်နေဂျင်းဒါရိုက်တာ ဖြစ်ပြီး အင်းလေးကန်နဲ့ အင်းသားရိုးရာ အမွေ အနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက်မှုတွေအတွက် အသိအမှတ် ပြုခံထားရသူလည်း ဖြစ်ပါတယ်။

ဒေါ်ယဉ်မျိုးစုရဲ့ အခု နောက်ဆုံးဆောင်ရွက်မှုတွေထဲမှာ ပညာရေးကဏ္ဍ ပါဝင်လာပါတယ်။

“ကျမရဲ့အလုပ်ခွင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျမရဲ့ ပတ်ဝန်းကျင်က မိသားစုတွေမှာ အခုနောက်ပိုင်း ကလေးငယ်တွေ အများကြီး တွေ့လာရတယ်။

ဒီကလေးတွေကို မြင်တော့ ဒီဒေသ ဒီပတ်ဝန်းကျင်မှာ ကျမ ငယ်ငယ်က ကျမလိုချင်ခဲ့တဲ့ ငယ်ဘဝ ပုံစံမျိုးလေး သူတို့ကို ရစေချင်မိတယ်” လို့ ဇွန်လ ၁၈ ရက်နေ့က သူ့ရဲ့ “ အင်းလေးဒေသ အမွေအနှစ် ကိုယ်ပိုင်ကျောင်း ” ကို ဧရာဝတီ သတင်းဌာနရဲ့ သတင်းထောက်တွေကို ပြသရင်း ရှင်းပြပါတယ်။

ညောင်ရွှေ ပတ်ဝန်းကျင်တဝိုက်မှာ ပညာရေး ဝန်ကြီးဌာနက အသိအမှတ်ပြုပြီး ကျောင်းသားတွေကို အနုပညာ၊ အားကစား၊ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊ သမိုင်း အမွေအနှစ်နဲ့ ရပ်ရွာပတ်ဝန်းကျင်အကြောင်း ပိုနားလည်စေနိုင်မယ့် အစိုးရ ကျောင်းတွေထက် ပိုပြီးကျောင်းသားတွေအတွက် အခန်းကဏ္ဍတွေ စုံစုံလင်လင်ရှိတဲ့ ကျောင်းမျိုး လိုအပ်တယ်လို့ ယူဆကြောင်းလည်း ဒေါ်ယဉ်မျိုးစုက ပြောပါတယ်။

“ ကျမက ဒီမှာ မွေးခဲ့တယ်၊ ဒီမှာ နေတယ်၊ ဒီမှာပဲ အသက်မွေးဝမ်းကျောင်း ပြန်လုပ်တယ်။ အဲဒီအတွက် ကျမရဲ့ ပတ်ဝန်းကျင် အတွက် ကျမ တတ်နိုင်သလောက် ပြန်ပြီးလုပ်ပေးချင်တယ်၊ အထူးသဖြင့် နိုင်ငံရဲ့ အပြောင်းအလဲ ကာလမျိုးမှာပေါ့ ” လို့ ကျောင်းဆောက်ဖြစ်ရတဲ့အကြောင်း ဧရာဝတီကို ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်ကစပြီး ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ခွင့် လိုင်စင်တွေ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ စစခွင့်ပြုခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ ကိုယ်ပိုင်ကျောင်းပေါင်း ၆၀ ကျော် စာရင်းသွင်း လုပ်ကိုင်ခဲ့ပြီး ၂၀၁၆-၁၇ ပညာသင်နှစ်မှာတော့

ကိုယ်ပိုင်ကျောင်းပေါင်း ၅၈၅ ကျောင်း စာရင်း ရှိခဲ့တယ်လို့ ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနရဲ့ အကြီးအကဲ တဦးဖြစ်သူ ဦးကျော်သူက ဧရာဝတီကို ပြောပါတယ်။

အနောက်နိုင်ငံတွေရဲ့ သင်ရိုး အသုံးပြုသင်ကြားတဲ့ နိုင်ငံတကာ ကျောင်းနဲ့ ကိုယ်ပိုင်ကျောင်းတွေ အရမ်း ခေတ်စား လာပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ ကျောင်းလခ ဈေးအကြီးဆုံး နိုင်ငံတကာ ကျောင်းတကျောင်းဟာ ကျောင်းသားတယောက်ကို ပျမ်းမျှအားဖြင့် တလ ဒေါ်လာ ၂၀၀၀ လောက်အထိ ကောက်ခံတယ်လို့လည်း စုံစမ်း သိရှိရပါတယ်။

မြန်မာအစိုးရ အသိအမှတ်ပြု သင်ရိုး ဒါမှမဟုတ် မြန်မာအစိုးရ သင်ရိုးနဲ့ပဲ သင်ကြားတဲ့ ကိုယ်ပိုင်ကျောင်းတကျောင်းမှာ ယေဘုယျအားဖြင့် ကျောင်းသား တယောက်ကို တလ မြန်မာငွေ ၅၀၀၀၀ ခန့် အနည်းဆုံး ကောက်ခံတယ်လို့ သိရှိရပါတယ်။

အင်းလေးဒေသ အမွေအနှစ် ကိုယ်ပိုင်ကျောင်းမှာတော့ မူကြိုနဲ့ သူငယ်တန်း ကလေးများအတွက် ကျောင်းလခ တလကို မြန်မာငွေ ၃၅၀၀၀ ကျပ် ကောက်ခံပြီး ပထမတန်းနဲ့ ဒုတိယတန်း ကလေးများအတွက်တော့ ၄၀၀၀၀ ကျပ် ကောက်ခံတယ်လို့ သိရပါတယ်။

အင်းလေးဒေသ အမွေအနှစ် ကိုယ်ပိုင်ကျောင်းရဲ့ ပထမဦးဆုံးအဆောင် ၃ ဆောင်ကို တနှစ်ခန့် အချိန်ယူ ဆောက်လုပ်ခဲ့ရပြီး ကျောင်းရဲ့ ပထမဦးဆုံး ပညာသင်နှစ်ကို ယခုနှစ် ဇွန်လ ၁ ရက်နေ့မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။

အဆောင် ၃ ဆောင်၊ မူကြိုမှ ဒုတိယတန်းအထိ ကျောင်းသားကျောင်းသူပေါင်း ၁၁၈ ယောက်အတွက် စာသင်ခန်း ၆ ခန်း (တခန်းအလွတ်)နဲ့ ကစားစရာ နေရာ ၂ ခု စီစဉ်ထားတာတွေ့ခဲ့ရပါတယ်။

ရှေ့နှစ်များမှာတော့ ကျောင်းအဆောင် အားလုံးပေါင်း ၁၂ ခု အထိ ရှိလာအောင် တိုးချဲ့ပြီး အခြေခံပညာ အထက်တန်းအထိပါ စီစဉ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဝါးကို အသုံးပြု တည်ဆောက်ခြင်း

ကျောင်းရဲ့ ထူးခြားတဲ့ ဒီဇိုင်းဟာ ကွန်ကရစ် ကျောင်းဆောင်တွေ၊ ကစားစရာနေရာ အကန့်အသတ် ရှိတတ်တဲ့ တခြား ကျောင်းတွေနဲ့မတူဘဲ ထူးခြားနေတဲ့ အဓိက အချက်တချက် ဖြစ်ပါတယ်။

ဒေါ်ယဉ်မျိုးစုကတော့ ဒီကျောင်းရဲ့ တည်ဆောက်မှုနဲ့ ဒီဇိုင်းဟာ ဝါးကို အခြေခံ ပြုလုပ်ထားတာကြောင့် ခေတ်ဒီဇိုင်းကို ရိုးရာပုံစံနဲ့ ရောယှက်ပြီးဒေသရဲ့ ယဉ်ကျေးမှုနဲ့ပါမက သဘာဝနဲ့ပါ နီးစပ်တဲ့ ပုံစံမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

ပုံမှန် မြင်နေကျ ပုံစံမျိုး မဟုတ်ဘဲ ထူးထူးခြားခြား ဒီဇိုင်းရှိပြီး သဘာဝပတ်ဝန်းကျင်နဲ့ရော အဆောက်အအုံ ဘေးပတ်ဝန်းကျင် နေရာတွေနဲ့ပါ အက်စပ်တဲ့ပုံစံမျိုးနဲ့ ကျောင်းကို ဆောက်ချင်တဲ့ရည်ရွယ်ချက်ကြောင့် ဝါးကို အသုံးပြုဆောက်လုပ်ခဲ့ရခြင်း ဖြစ်တယ်လို့ သူကဆိုပါတယ်။

ကျောင်းဆောက်လုပ်ရာမှာ သုံးခဲ့တဲ့ ဝါးတွေ အားလုံးကိုလည်း ညောင်ရွှေ ပတ်ဝန်းကျင် ကနေပဲ ရယူ အသုံးပြုခဲ့တာလို့ ပြောပါတယ်။

အာရှယဉ်ကျေးမှုမှာ ၁၀ ရာစုနှစ်ခန့်ကတည်းက ဝါးကို အသုံးပြု ဆောက်လုပ်ခဲ့ကြပေမယ့် အခုနှစ်ပိုင်းတွေမှာ ဝါးဟာ သစ်ထက် ဈေးပိုသက်သာပြီး သဘာဝပတ်ဝန်းကျင်အတွက် ရေရှည် အကျိုးဖြစ်စေတာကြောင့် ခေတ်သစ် ဗိသုကာပညာနဲ့ အဆောက်အအုံ အတွင်း ဒီဇိုင်းတွေအတွက် လူကြိုက် ပိုများလာခဲ့ပါတယ်။

ဝါးကို ခုတ်ယူလိုက်ရင် ပြန်ပေါက်တာ မြန်တဲ့အတွက် သစ်တော ပြုန်းတီးမှုကိုလည်းမဖြစ်စေတော့ဘူးလို့ သိရပါတယ်။

“ ကျမက ကလေးတွေကို သူတို့ စာသင်ရတဲ့ အဆောက်အအုံက စလို့ နေ့တိုင်း မြင်နေရတဲ့၊ တွေးတောနိုင်တဲ့ အရာအားလုံးနဲ့ ပတ်သက်ပြီး ရေရှည်အကျိုး ဖြစ်ထွန်းမှုကို ဒီအရွယ်ကတည်းက စပြီး စဉ်းစားစေချင်တယ် ” လို့ ဒေါ်ယဉ်မျိုးစုက ဆိုပါတယ်။

“တခြား ဆောက်မယ့်သူတွေကိုလည်း စီးပွားရေးအတွက်ပဲ ဆောက်ဆောက်၊ ကျောင်းပဲ ဆောက်ဆောက်၊ ဆေးခန်းပဲဆောက်ဆောက်၊ အိမ်ပဲ ဆောက်ဆောက် ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ ပစ္စည်းနဲ့ ရေရှည် အကျိုးဖြစ်ထွန်းမယ့် နည်းလမ်းကို အသုံးပြုပြီး ဆောက်လို့ရတယ် ဆိုတာကိုလည်း ပြချင်တာ ပါပါတယ်” လို့ ဆက်ပြောပါတယ်။

ဆောက်လုပ်ရာမှာ အသုံးပြုမယ့် ဝါးတွေကို အင်းဆက် ပိုးမွှားမတက်အောင် treatment ကောင်းကောင်းနဲ့ ပြင်ဆင်ထားပါက ဝါးအဆောက်အအုံတွေဟာ ဆယ်စုနှစ်များစွာ တာရှည်ခံနိုင်တယ်လို့ ဆိုပါတယ်။

ဝါးဟာ လေထုညစ်ညမ်းမှု မဖြစ်စေတဲ့အပြင် နည်းစနစ်မှန်မှန် အသုံးပြုဆောက်လုပ်ပါက သစ်ထက်ပင် မြေငလျင် ခံနိုင်ရည် အားကောင်းတယ်လို့ ဆိုကြပါတယ်။

ကျောင်းကို တည်ဆောက်ရာမှာ ထိုင်းနိုင်ငံ အခြေစိုက် Bamboo Family ဒီဇိုင်းနှင့် ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ တွဲဖက် ဆောက်လုပ်ခဲ့တာ ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုကြောင့်

သူမရဲ့ ဝန်ထမ်းတွေနဲ့ ဆောက်လုပ်ရေးမှာ ပါဝင် ဆောင်ရွက်တဲ့ ဒေသခံ အလုပ်သမားတွေဟာ ဝါးကို ပိုတာရှည်ခံအောင် ဘယ်လို ထိန်းသိမ်းရမလဲ၊ ဘယ်လို treatment လုပ်ပေးရမလဲ အစရှိတာတွေကို Bamboo Family ဆီကနေ သင်ယူနိုင်တဲ့ အခွင့်အရေး ရခဲ့တယ်လို့ ပြောပြပါတယ်။

ကလေးများ၏ စာရိတ္တကို သင်ကြားပုံသွင်းခြင်း

အင်းလေးဒေသ အမွေအနှစ် ကိုယ်ပိုင်ကျောင်းတွင် လက်ရှိဆရာ၊ ဆရာမ ၁၁ ယောက်၊ သင်ကြားရေးအကြံပေး ၂ ယောက်၊ ကျောင်းအုပ်ဆရာကြီး တယောက် အပါအဝင် ဝန်ထမ်း အားလုံးပေါင်း ၁၇ ယောက်ဖြင့် ပထမဆုံး စာသင်နှစ်ကို စတင် လည်ပတ်နေပါတယ်။

ကျောင်းသားမိဘများရဲ့ သားသမီးများကို အမှတ်ကောင်းကောင်း ရစေချင်သည့် မျှော်လင့်ချက်ဟာ ဒေသရဲ့ပထမဆုံး ကိုယ်ပိုင်ကျောင်း ဖြစ်လာတဲ့ ကျောင်းအတွက် အကြီးမားဆုံး စိန်ခေါ်မှုတခု ဖြစ်တယ်လို့ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်စွာက ဧရာဝတီကို ပြောပြပါတယ်။

ကျောင်းရဲ့ ပထမဆုံးနဲ့ အကြီးမားဆုံးရည်ရွယ်ချက်မှာ ကလေးများကို စာရိတ္တကောင်းကောင်းမွန်မွန်၊ စည်းကမ်းရှိရှိနဲ့ လူကောင်းများအဖြစ် ကြီးပြင်းလာစေဖို့ ဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်ကို အကျိုးပြုတတ်တဲ့ စိတ်ဓါတ်မျိုး ပျိုးထောင်ပေးဖို့ ဖြစ်တယ်လို့ ဦးအောင်ကျော်စွာက ရှင်းပြပါတယ်။

“ကျနော့်အတွက် ပညာရေးဆိုတာ ဘွဲ့တွေ ဒီဂရီတွေထက် သာလွန်ပါတယ်။ ကလေးတွေကို သူတို့ဘာသာ ကောင်းကောင်းဝေဖန် ပိုင်းခြားနိုင်အောင်၊ ကောင်းတယ် ဆိုးတယ် သေချာသိပြီး၊

သိပြီးရင်လည်း သူတို့ဘာသာ ကောင်းတဲ့ပုံစံအတိုင်း သူတို့ဘဝမှာ လုပ်ဆောင်နိုင်အောင် ကျနော်တို့က လေ့ကျင့်ပေးနိုင်တယ်ဆိုရင် ဒါ ကောင်းတဲ့ ပညာရေးစနစ်လို့ ယူဆတယ် ” လို့ ဦးအောင်ကျော်စွာက ဆိုပါတယ်။

“ ကျနော်ရဲ့ တသီးပုဂ္ဂလ ဆန္ဒအရဆိုရင်တော့ ကလေးတွေကိုအရမ်းကို ကြီးမားတဲ့ မျှော်မှန်းချက်တွေ မထားဘူး။ အနည်းဆုံး ရည်ရွယ်ချက်က ဘာလဲဆိုရင် ကိုယ့်အတွက်နဲ့ ကိုယ့်ပတ်ဝန်းကျင်အတွက်ကို ဘာပဲလုပ်လုပ် စဉ်းစားတတ်တဲ့ စိတ်ကလေး ဖြစ်လာဖို့ပါ။

ဒါဖြစ်လာတယ်ဆိုရင် ကျနော်တို့ ပညာရေးစနစ် အောင်မြင်တယ်လို့ ယူဆရမှာပေါ့ လို့ သူက ဆက်လက် ရှင်းပြပါတယ်။ ”

ကျောင်းစဖွင့်ပြီး ၂ ပတ်အကြာ၊ ၃ ပတ်မြောက် ပြန်အဖွင့်မှာတော့ ကျောင်းသားမိဘတွေ ကျောင်းအပေါ် ယုံကြည်မှု မရှိတော့ဘဲ ကလေးတွေကို ကျောင်းဆီ မလွှတ်တော့ဘဲ ကလေးတွေ ပေါ်မလာတော့မှာကို စိုးရိမ်မိပါသေးတယ်လို့ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်စွာက ရယ်ရင်း ပြောပြပါတယ်။

ဒါပေမယ့် ၃ ပတ်မြောက်မှာတော့ ကောင်းတဲ့ တုံ့ပြန်မှုလေးတွေ စရလာတယ်လို့ ဆိုပါတယ်။ ကလေးတွေမှာ သူတို့ရဲ့ နေ့စဉ်ဘဝမှာ ပိုပြီး ကိုယ့်အားကိုယ်ကိုးတတ်လာတာကို သတိထားမိတယ်လို့ ကျောင်းသားမိဘတွေဆီကနေ တဆင့် ပြန်ကြားရတယ်လို့ သိရပါတယ်။

ဒါဟာ ခရီးရှည်ကြီးရဲ့ပထမဆုံး ခြေလှမ်းတွေပါ။ ကျနော်တို့ လုပ်နေတာတွေအပေါ် မိဘတွေ ယုံကြည်ဖို့ လိုတဲ့အတွက် ကျောင်းသားမိဘတွေနဲ့ အမြဲပဲ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်သွားဖို့ ကြိုးစားပါတယ်” လို့ ဦးအောင်ကျော်စွာက ပြောပါတယ်။

ကျောင်းတည်ထောင်သူ ဒေါ်ယဉ်မျိုးစုကတော့ ကလေးတွေ ငယ်စဉ်ကတည်းက တိရစ္ဆာန်တွေအပေါ် လေးစားမှု ရှိတတ်ဖို့နဲ့ တာဝန်သိသိ စားသုံးတတ်မှု အစရှိတဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ အလေ့အထတွေ ပျိုးထောင်ပေးနိုင်ဖို့ ကျောင်းဝန်းအတွင်းမှာ မွေးမြူရေး ခြံလေးတခုနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းတခုကိုပါ ထည့်သွင်းနိုင်ရန် မျှော်မှန်း စိတ်ကူးထားကြောင်း ပြောပြပါတယ်။

“ ကျမတို့ရဲ့ တိုင်းပြည်ကိုရော ပတ်ဝန်းကျင်ကိုရော ဒီကလေးတွေ လက်ထဲ ထည့်ရမှာ။ တနေ့ကျရင် သူတို့က တိုင်းပြည်ကို ခေါင်းဆောင်ပြီး တိုင်းပြည်ရဲ့ အနာဂါတ်ကို သူတို့က ဆုံးဖြတ်မှာ။ သူတို့ကို အကောင်းဆုံး ပညာတွေပဲ ပေးရမယ် ” လို့ ဒေါ်ယဉ်မျိုးစုက ပြောလိုက်ပါတယ်။

CREDIT … တင်ထက်ပိုင်

From The Irrawaddy Burmese

Leave a Reply

Your email address will not be published.